မအူပင်က တိုးမြစ်အတွင်း စစ်ဆေးရေး ဂိတ်တွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေရှိနေ

“ ကျွန်တော်တို့ ဒီကိစ္စကို မဲနိုင်သွားတဲ့ ကြံ့ခိုင်ရေးက အမတ်လောင်းတွေကို မဲဆွယ်လာတုန်းက စုပြီးပြောခဲ့ဖူးတယ်။ ဒီလိုဖြစ်နေတာ တနှစ်လောက်ကိုရှိနေပြီ သူတို့ ဒီလိုလုပ်နေတာ။ ရွေးကောက်ပွဲ ကာလတုန်းက ငွေတောင်းတာတွေ မရှိသလောက် နည်းသွားလို့ အဆင်ပြေသွားပြီထင်တာ။ အခုပြန်ဖြစ်လာတာပဲ

၁၆၊ ဖေဖော်ဝါရီလ။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အပိုင်ထဲက တိုးမြစ်ကြောင်းတလျှောက်မှာ ကုန်စည်ပို့ဆောင်ရေးနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူတွေကို လုံခြုံရေး ရဲကင်းဂိတ်တွေက ငွေကြေးတောင်းခံမှုတွေ လုပ်နေပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေပါတယ်။

“ တိုးမြစ်တလျှောက်မှာ ကျွန်တော်တို့ မအူပင်အပိုင်ထဲက နေရာတွေမှာပဲ ဒီလိုလုပ်နေတာ။ အဓိက ရဲကင်းတွေပေါ့။ အရင်က အထောက်အထားစစ်ဆေးတာမျိုးတွေပဲ လုပ်တာ။ စစ်မှုထမ်း ဥပဒေပေါ်လာပြီးနောက်ပိုင်းမှ ငွေကောက်တယ်။ မပေးရင် စစ်မှုထမ်းခိုင်းမယ်ပေါ့ ခြိမ်းခြောက်တယ်။ အခုကျ တကယ်ကိုဖမ်းတာ။ ငွေလိုက်နိုင်သူတွေ ပြန်လွတ်ပေမယ့် မလိုက်နိုင်သူတွေကျပါသွားရော ” လို့ မအူပင်မြို့နယ်မှာနေထိုင်တဲ့ ရေကြောင်းကုန်သည်တဦးက ပြောပါတယ်။

ဒီလဆန်းပိုင်းက သားအဖ နှစ်ဦး တနိုင်တပိုင် ငါးဖမ်းတဲ့ ငါးဖမ်းလှေတစီးကို ဖမ်းဆီးခဲ့ပြီး သားဖြစ်သူက အသက်မပြည့်သေးလို့ လွတ်မြောက်လာခဲ့ပြီး ဖခင်ဖြစ်သူကို စစ်မှုထမ်းဖို့ ခေါ်ဆောင် သွားတယ်လို့ သူက ပြောပါတယ်။

“ဒါက ကျွန်တော်သေချာသိတဲ့ သတင်းပဲရှိသေးတယ် ကောလာဟလတွေ အများကြီးလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကြောက်တော့ ပေးရတာပဲ ” လို့ သူက ဆက်ပြီးပြောပါတယ်။

တိုးမြစ်ကြောင်းကို အသုံးပြုပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေကြသူတွေနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူ အများစုဟာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေများတာကြောင့် ရဲကင်းက တောင်းတဲ့ ငွေကြေးကို ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီရဲကင်းတွေမှာ ရဲနဲ့ စစ်သားတွေပါဝင်ပြီး သူတို့နဲ့ဆုံတိုင်း ငါးဖမ်းလှေဖြစ်ဖြစ်၊ ကုန်သွယ်လှေဖြစ်ဖြစ် ကင်းကြေးဆိုပြီး ငွေကျပ် ၃ သောင်းကနေ ၅ သောင်းထိကောက်ခံနေပြီး တလကို အနည်းဆုံး ၂ ကြိမ်ခန့် ပေးရလေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုငွေကောက်ခံမှုကို ထည့်ဝင်နေရသူတွေဟာ စစ်မှုထမ်းထောက်ပံ့ကြေး ခေါင်းစဉ်နဲ့ ကောက်ခံတဲ့ လိုင်းကြေးကိုလည်း  သက်ဆိုင်ရာ ဒေသအလိုက် ထည့်ဝင်ကြရပြန်တယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ ဒီကိစ္စကို မဲနိုင်သွားတဲ့ ကြံ့ခိုင်ရေးက အမတ်လောင်းတွေကို မဲဆွယ်လာတုန်းက စုပြီးပြောခဲ့ဖူးတယ်။ ဒီလိုဖြစ်နေတာ တနှစ်လောက်ကိုရှိနေပြီ သူတို့ ဒီလိုလုပ်နေတာ။ ရွေးကောက်ပွဲ ကာလတုန်းက ငွေတောင်းတာတွေ မရှိသလောက် နည်းသွားလို့ အဆင်ပြေသွားပြီထင်တာ။ အခုပြန်ဖြစ်လာတာပဲ ” လို့ တိုးမြစ်ကမ်းဘေး ကျေးရွာတခုမှာ နေထိုင်တဲ့ ငါးဖမ်းအလုပ်သမား တဦးက ဆိုပါတယ်။

တိုးမြစ်ကြောင်းတလျှောက် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူ အများစုဟာ ဆင်းရဲနွမ်းပါးကြပြီး ကင်းကြေး မဆောင်နိုင်လို့  အလုပ်ရပ်နားလိုက်ရသူတွေလည်း ရှိနေပါတယ်။

“ ကျွန်မတို့ဆီမှာတော့ အိမ်ကတယောက်ယောက် (အလုပ်ရှင်) လိုက်သွားလေ့ရှိတယ်။ သူတို့နဲ့တွေ့ရင် ကျွန်မတို့ကပဲ ရှင်းပေးတာမျိုးလုပ်တယ်။ တချို့လှေတွေကျ အလုပ်သမားက ကိုယ့်ဘာသာရှင်းရတာတွေ ရှိတယ်။ အဲ့လိုမျိုးလှေတွေကျ ခဏခဏဖြစ်ရင် အလုပ်သမားက သူ့အတွက် ငွေမကျန်တော့ ဆက်မလုပ်နိုင်တော့ဘူးပေါ့ ” လို့ ငါးဖမ်းလုပ်ငန်းဦးစီးသူတဦးက ပြောပါတယ်။

မအူပင်မြို့က စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေဟာ လက်ရှိအချိန်မှာလည်း စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို အားစိုက်လုပ်နေတဲ့အတွက် အလုပ်သမားတွေဟာ ညဘက်တွေမှာ အလုပ်မလုပ်နိုင်တော့ပဲ တိမ်းရှောင်မှုတွေ ပြုလုပ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

တိုးမြစ်ဟာ မအူပင်နဲ့ ဒေးဒရဲမြို့နယ် တလျှောက် စီးဆင်းပြီး ရန်ကုန်တိုင်းကို ကွမ်းခြံကုန်းကတဆင့် အလွယ်တကူသွားရောက်နိုင်တဲ့ ရေလမ်းခရီး ဖြစ်တဲ့အတွက် မှောင်ခိုလုပ်ငန်းတွေကို ကာကွယ်ဖို့ မြစ်ကြောင်းတလျှောက်မှာ လုံခြုံရေး ရဲကင်းတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး မအူပင်မြို့နယ်ထဲမှာ ရဲကင်းတွေက ငွေကြေးကောက်ခံတာ၊ စစ်မှုထမ်း ဖမ်းဆီးခေါ်ဆောင်တာတွေဟာ  စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှ ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။