ကနေဒါမှာ စာသင်ကျောင်းပစ်ခတ်မှု လူကိုးဦးထက် မနည်းသေဆုံး

သေနတ်သမားအပါအဝင် လူကိုးဦး သေဆုံးခဲ့ရပြီး ဒါဟာ ကနေဒါသမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲက တခုဖြစ်ခဲ့ပါတယ်။

၁၂၊ ဖေဖော်ဝါရီ။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသကျောင်းတခုမှာ ဖေဖော်ဝါရီ ၁၀ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သေနတ်သမားအပါအဝင် လူကိုးဦး သေဆုံးခဲ့ရပြီး ဒါဟာ ကနေဒါသမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲက တခုဖြစ်ခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ကျူးလွန်သူဟာ စိတ်ကျန်းမာရေးပြဿနာရှိတဲ့ အသက် ၁၈ နှစ် အရွယ် လူငယ်တဦးဖြစ်ပြီး သူဟာ အမျိုးသားအဖြစ် မွေးဖွားလာပေမယ့် အမျိုးသမီးအဖြစ် သူ့ကိုယ်သူ ခံယူထားသူ ဖြစ်တယ်လို့ သိရပါတယ်။ သေနတ်သမား Jesse Van Rootselaar ဟာ ပစ်ခတ်မှုအပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။

ဒါပေမယ့် ဘာကြောင့် အခုလို လုပ်လဲဆိုတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပါ။

အဆိုပါဖြစ်ရပ်ကြောင့် ၂၅ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၃၉နှစ်အရွယ် မိခင်ဖြစ်သူနဲ့ ၁၁နှစ်အရွယ် ညီတယောက်လည်း ပါဝင်ပါတယ်။ သူတို့ကို နေအိမ်အနီး မှာ သေဆုံးနေတာ တွေ့ခဲ့ရတာပါ။

ကနေဒါနိုင်ငံမှာ အလားတူ အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းကလည်း ဗန်ကူးဗားမြို့မှာ စိတ်ကျန်းမာရေးရာဇဝင်ရှိတဲ့ အမျိုးသားတဦးက ဖိလစ်ပိုင်အသိုက်အဝန်း ပွဲတော်ကျင်းပနေတဲ့ လူအုပ်ထဲကိုSUV ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ ဆက်စကက်ချီဝမ် ကျေးလက်ဒေသက ဂျိမ်းစ်စမစ်ခရီးနေးရှင်းနဲ့ ဝဲလ်ဒွန် ဆိုတဲ့ လူ့အသိုက်အဝန်းငယ်လေးနှစ်ခုရဲ့ နေရာ ၁၃ ခုမှာဓားနဲ့လိုက်လံထိုးနှက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီလမှာတော့ ပေါ်တာပစ်မြို့မှာ ရဲအရာရှိတဦးအသွင် ဆောင်ထားတဲ့သေနတ်သမားတဦးက ၁၂ နာရီကြာအောင် လှည့်လည်ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ၁၆ ဦး သေဆုံးခဲ့ရပါတယ်။ ဒါဟာ ကနေဒါနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအစုလိုက်အပြုံလိုက် ပစ်ခတ်မှုပဲ ဖြစ်ပါတယ်။

Ref- Reuters