မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နောက်ကွယ်ကနေ အရှိန်မြင့်တင်ပေးနေတဲ့ အီရန် 

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေတာကို လူသိများပေမယ့် အဲဒီနောက်ကွယ်မှာ အီရန်က လောင်စာဆီနဲ့ ယူရီးယားတွေ ထောက်ပံ့ပေးနေတဲ့ အဓိကအခန်းကဏ္ဍကိုတော့ အခုမှ ပထမဆုံးအကြိမ် ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၈၊ ဇန်နဝါရီ။

အီရန်ကနေ တရားမဝင်ပို့ပေးနေတဲ့ လေယာဉ်ဆီတွေဟာ လွန်ခဲ့တဲ့ ၁၅ လအတွင်း အရပ်သားတွေနေထိုင်ရာ နေရာပေါင်း ၁,၀၀၀ ကျော်ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကျဲနိုင်ခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်ဆင်ရေးကို အားဖြည့်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုသတင်းအရ သိရပါတယ်။

ဒါ့အပြင် အီရန်ဟာ ယူရီးယားတွေကိုလည်း ပို့ပေးနေသလို အဆိုပါ ယူရီးယားဟာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးတွေနဲ့ ပါရာဂလိုက်ဒါတွေကနေ ချတဲ့ဗုံးတွေထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတခုပဲ ဖြစ်ပါတယ်။

အီရန်က ပို့ပေးနေတဲ့ပစ္စည်းတွေက ငါးနှစ်ကြာနေပြီဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်ရဲ့ အခြေအနေကို ပြောင်းလဲသွားစေပါတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တွေမှာ လေတပ်လည်းမရှိသလို တိုက်လေယာဉ်တွေက ပစ်ခတ်တဲ့ ဗုံးတွေ၊ ဒုံးကျည်တွေလောက် ပြင်းထန်တဲ့ လက်နက်တွေလည်း မရှိကြပါဘူး။

တဘက်မှာလည်း ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်အစိုးရအတွက်တော့ ဒီလိုရောင်းဝယ်ဖောက်ကားမှုကနေ ဝင်ငွေအသစ်တွေနဲ့ ဩဇာအာဏာတွေကို ရရှိစေတာပါ။

Burma News International-Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ အီရန်က လောင်စာဆီတွေ စတင်ပို့ဆောင်ပေးခဲ့တဲ့အချိန်ကစပြီး အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သား အနည်းဆုံး ၁,၇၂၈ ဦး ရှိနေတယ်လို့ သိရပါတယ်။

ရိုက်တာက လေ့လာခွင့်ရခဲ့တဲ့ သင်္ဘောမှတ်တမ်းတွေနဲ့ အမေရိကန်အခြေစိုက် SynMax Intelligence ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အီရန်ဟာ Reef နဲ့ Noble ဆိုတဲ့ သင်္ဘောနှစ်စင်းနဲ့ ကိုးကြိမ်တိုင်တိုင် လေယာဉ်ဆီ စုစုပေါင်း တန်ချိန် ၁၇၅,၀၀၀ ခန့်ကို စစ်ကောင်စီထံ ပို့ဆောင်ပေးခဲ့ပါတယ်။

အီရန်ကနေ ထွက်ခွာလာတဲ့ ဒီသင်္ဘောနှစ်စင်းဟာ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ အဓိကထောက်ပံ့ပေးနေတာဖြစ်တယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။ ဒါ့အပြင် ယူရီးယား တန်ချိန်ပေါင်း သိန်းနဲ့ချီပြီးလည်း တင်သွင်းခဲ့တယ်လို့ ရိုက်တာက တွေ့ရှိခဲ့ပါတယ်။

ယူရီးယားဟာ ပုံမှန်အားဖြင့် မြေဩဇာကုန်ကြမ်းဖြစ်ပေမယ့် မြန်မာစစ်ကောင်စီကတော့ ဒါကို လက်နက်ခဲယမ်း ထုတ်လုပ်ရာမှာ အသုံးပြုနေတာဖြစ်တယ်လို့ အလင်းဝင်လာတဲ့ စစ်သားနှစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်နေတာကို လူသိများပေမယ့် အဲဒီနောက်ကွယ်မှာ အီရန်က လောင်စာဆီနဲ့ ယူရီးယားတွေ ထောက်ပံ့ပေးနေတဲ့ အဓိကအခန်းကဏ္ဍကိုတော့ အခုမှ ပထမဆုံးအကြိမ် ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကျော်ဖြတ်ပြီး ပို့ဆောင်နေတဲ့ ဒီပစ္စည်းတွေဟာ အကျပ်အတည်းတွေကြားက ဖိနှိပ်ချုပ်ချယ်နေတဲ့ အစိုးရနှစ်ခုလုံးအတွက်တော့ အသက်ဆက်ပေးနေတဲ့ ချိုင်းထောက်လို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ ရိုက်တာရဲ့ တွေ့ရှိချက်တွေအပေါ် တုံ့ပြန်ရာမှာ အီရန်အစိုးရအနေနဲ့ သူတို့ရဲ့ ဖောက်သည်သစ် (မြန်မာစစ်ကောင်စီ) ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“အီရန်ကနေ ပို့ပေးနေတဲ့ ဒီလောင်စာဆီတွေဟာ တကယ့်ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖြစ်စေနေတာပါ” လို့ တွန်အန်ဒရူးက ပြောပါတယ်။

“အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာနေတာဟာ တကယ့်ကို ထိတ်လန့်စရာကောင်းပြီး လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကို အားပေးကူညီနေသူတွေကို ဖော်ထုတ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို မြန်မာဘက်ကလည်း ဘာမှပြန်မပြောပါဘူး။

ရိုက်တာသတင်းထောက်တွေအနေနဲ့ Reef နဲ့ Noble သင်္ဘောပိုင်ရှင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ပေးထားတဲ့ အီးမေးလ်လိပ်စာက အသုံးပြုလို့ မရတော့ပါဘူး။

အီရန်နိုင်ငံဟာလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ၊ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေကြောင့် အခက်တွေ့နေသလို ၁၉၇၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးဖြစ်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကိုလည်း နှိမ်နင်းနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

နှစ်ရှည်လများ ပိတ်ဆို့အရေးယူခံထားရတာကြောင့် သူတို့ဟာ ငွေကြေး အသည်းအသန် လိုအပ်နေတာလည်း ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာလည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတွေကို နှိမ်နင်းဖို့ ကြိုးစားနေတာပါ။

အခုရတဲ့ လောင်စာဆီတွေက သူတို့အတွက် အကျပ်အတည်းကာလမှာ အများကြီး အထောက်အကူဖြစ်သွားပါတယ်။

တရုတ်ထုတ် JF-17၊ ရုရှားထုတ် MiG-29 နဲ့ Sukhoi-30 အပါအဝင် သူတို့ဆီမှာရှိတဲ့ တိုက်လေယာဉ် အစင်း ၁၀၀ လောက်ဟာ အခုဆိုရင် အရင်ကထက် ပိုပြီး ဗုံးကျဲတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းအသာစီးရမှုကြောင့် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ဖို့ ပိုပြီး ရုန်းကန်နေရပါတယ်။

Ref – Reuters