နှင်းမုန်တိုင်းကို အံတုရင်း ခရီးဆက်နေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်

ခရီးစဉ်ဦးဆောင်သူ ဘုန်းတော်ကြီးအချို့ဟာ ခြေဗလာနဲ့ ဖြစ်စေ၊ ခြေအိတ်တွေနဲ့ဖြစ်စေ ဆီးနှင်းတွေကြား လျှောက်လှမ်းနေကြတာဟာ မိမိတို့ကိုယ်တိုင်နဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင်ကြောင့် ဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

၂၇၊ ဇန်နဝါရီ။

အမေရိကန်ပြည်ထောင်စုအတွင်း မိုင်ပေါင်း ၂,၃၀၀ ကျော် ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် လမ်းလျှောက်နေကြတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၁၉ ပါးဟာ နှင်းမုန်တိုင်းရဲ့ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရင်း ခရီးဆက်နေကြပါတယ်။

တက္ကဆက်ပြည်နယ်၊ Fort Worth မြို့ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ထွက်ခွာလာခဲ့တဲ့ အဆိုပါ ခရီးစဉ်ဟာ အခုဆိုရင်၉၄ ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ပြီး Louisburg မြို့ကနေတဆင့် Warrenton မြို့ဆီကို ဆက်လက်ထွက်ခွါနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က Raleigh မြို့က ပြည်နယ်လွှတ်တော်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို မြောက်ကယ်ရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ် စတိန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ကို “Walk for Peace Day” အဖြစ် တရားဝင်သတ်မှတ် ကြေညာပေးခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး စတိန်းက ဘုန်းတော်ကြီးတွေရဲ့ ကြိုးပမ်းမှုကို ချီးကျူးစကားဆိုခဲ့ပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ အခုလိုကာလမှာ သံဃာတော်တွေက လူထုကို မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနေတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ခရီးစဉ်ရဲ့ ၉၄ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ ရာသီဥတုအခြေအနေနဲ့ လမ်းခရီးဘေးကင်းရေးကို ရှေးရှုပြီး နေ့လယ်စာနားမယ့် နေရာနဲ့ ညအိပ်ရပ်နားမယ့် နေရာတွေကို အများပြည်သူကို အသိပေးခြင်းမပြုဘဲ လူစုလူဝေးပြုလုပ်မယ့်အစီအစဉ်တွေကိုလည်း ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။

ခရီးစဉ်ဦးဆောင်သူ ဘုန်းတော်ကြီးအချို့ဟာ ခြေဗလာနဲ့ ဖြစ်စေ၊ ခြေအိတ်တွေနဲ့ဖြစ်စေ ဆီးနှင်းတွေကြား လျှောက်လှမ်းနေကြတာဟာ မိမိတို့ကိုယ်တိုင်နဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင်ကြောင့် ဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေနဲ့အတူ လိုက်ပါလာတဲ့ အာလောက ခွေးလေးဟာလည်း လူထုရဲ့ စိတ်ဝင်စားမှုကို ရရှိနေပြီးလက်ရှိမှာ ဆိုရှယ်မီဒီယာပေါ်မှာ Follower သန်းပေါင်းများစွာနဲ့ အားပေးမှုရရှိနေတဲ့ ဒီခရီးစဉ်ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်း ဝါရှင်တန်ဒီစီကို ရောက်ရှိပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။

Ref & Photo – Walk for Peace