
အသက် ၃၇ နှစ်အရွယ် အဲလက်စ် ပရက်တီ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြလူအုပ်ကြီးဟာ မင်နီယာပိုးလစ်မှာ စုဝေးခဲ့ကြပါတယ်။
၂၆၊ ဇန်နဝါရီ။
အမေရိကန်ပြည်ထောင်စု ၊ မင်နီယာပိုးလစ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖက်ဒရယ် အေးဂျင့်တွေကို ပြန်လည်ရုပ်သိမ်းဖယ်ရှားပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတထရမ့်ကို တောင်းဆိုလိုက်သလို မြို့အတွင်းမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။
အသက် ၃၇ နှစ်အရွယ် အဲလက်စ် ပရက်တီ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြလူအုပ်ကြီးဟာ မင်နီယာပိုးလစ်မှာ စုဝေးခဲ့ကြပါတယ်။
မင်နီဆိုတာ အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့စ်က သူ့ပြည်နယ်ထဲက ဖက်ဒရယ်အေးဂျင့်တွေကို ပြန်ခေါ်ဖို့ သမ္မတထရမ့်ကို ထပ်မံတောင်းဆိုလိုက်ပြီး “ဒါဟာ အမေရိကအတွက် အချိုးအကွေ့တခုပဲ” လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်က Truth Social မှာ တင်လိုက်တဲ့ပို့စ်မှာ အုပ်ချုပ်ရေးမှူး ဝေါ့စ်နဲ့ မင်နီယာပိုးလစ်မြို့တော်ဝန် ဂျေးကော့ဖရေးတို့အနေနဲ့ပြည်နယ်အကျဉ်းထောင်တွေထဲမှာရှိနေတဲ့ “ရာဇဝတ်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား” အားလုံးကို ပြည်နှင်ဒဏ်ပေးဖို့အတွက် လွှဲပြောင်းပေးရမယ်လို့ ဆိုပါတယ်။
စနေနေ့က အဲလက်စ် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်နယ်အာဏာပိုင်တွေနဲ့ ဖက်ဒရယ်အရာရှိတွေရဲ့ ပြောဆိုချက်တွေဟာ တဦးနဲ့တဦး ကွဲလွဲနေပါတယ်။
ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ခဲ့တဲ့ ဗီဒီယိုအများအပြား ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး နယ်စပ်ကင်းလှည့်တပ်ဖွဲ့ တပ်မှူး ဂရက်ဘိုဗီနိုကိုမေးမြန်းရာမှာတော့ အချက်အလက်အမှန်ကို သိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်လို့ သူက ဖြေကြားခဲ့ပါတယ်။
ဘီဘီစီရဲ့ အချက်အလက်စစ်ဆေးရေးအဖွဲ့ (BBC Verify) ကတော့ မင်နီယာပိုးလစ်က ပစ်ခတ်မှုဗီဒီယိုကို တကွက်ချင်းစီအသေးစိတ် ခွဲခြမ်းစိတ်ဖြာ လေ့လာနေပါတယ်။
အမေရိကန်နိုင်ငံသားတဦးဖြစ်သလို သူနာပြုတဦးလည်းဖြစ်တဲ့ ပရက်တီကို သူ့ရဲ့မိဘတွေက သားဖြစ်သူဟာ ကြင်နာတတ်တဲ့သူတယောက်လို့ ပြောဆိုထားပြီး သူတို့သားနဲ့ပတ်သက်တဲ့ အမှန်တရားကို သိခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။
အမေရိကန်သူနာပြုများအသင်း (ANA) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဂျန်နီဖာ မန်ဆစ် ကနေဒီက အဲလက်စ် ပရက်တီ သေဆုံးမှုအတွက်အသင်းအနေနဲ့ အလွန်အမင်း ဝမ်းနည်းရပါတယ်လို့ ဘီဘီစီကို ပြောကြားရင်း ဂုဏ်ပြုစကားလည်း ဆိုခဲ့ပါတယ်။
“အဲလက်စ်က ဒီနိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းဟောင်းတွေကို ပြုစုပေးခဲ့တာပါ။ သူက သူနာပြုအလုပ်ကို တကယ်မြတ်နိုးတဲ့သူပါ” လို့ သူမက ဆိုပါတယ်။
ကနေဒီကိုယ်တိုင်က ပရက်တီကို လူကိုယ်တိုင် မသိပေမဲ့ သူ့ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကတော့ သူ့ကို “ကျင့်ဝတ်လိုက်နာတဲ့ သူနာပြုကောင်းတယောက်” လို့ ပြောကြပါတယ်။
အဲလက်စ် ပရက်တီ ၂၀၁၁ ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့ မင်နီဆိုတာတက္ကသိုလ်ကလည်း သူသေဆုံးမှုအတွက် ထုတ်ပြန်ချက်တခု ထုတ်ခဲ့ပြီး”ဒါဟာ ကျွန်တော်တို့ အသိုင်းအဝိုင်းအတွက် အလွန်နာကျင်ရတဲ့ အချိန်ပါပဲ” လို့ ဖော်ပြထားပါတယ်။
“သူဟာ ကရုဏာနဲ့ ဝန်ဆောင်မှုအပေါ် အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်ခဲ့သူပါ” လို့ ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။
Ref – BBC