ငပုတောဇာတိ အွန်လိုင်းဈေးရောင်းသူတဦး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အသတ်ခံရ

 

“သူ့ကို ပြန်တွေ့တဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းက အတော်ရင်နင့်စရာ ကောင်းတယ်။ လိင်စိတ်ခံယူမှု ကွဲပြားတာကို အသုံးချသွားတာ ”

၂၁၊ ဇန်နဝါရီလ။

ကရင်ပြည်နယ် ၊မြဝတီမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ၊ မယ်တောင်ရပ်ကွက်အတွင်း လူခြေပြတ်တဲ့ နေရာတခုမှာ  မြန်မာနိုင်ငံသား တဦးရဲ့ ဒါဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခုကို မနေ့က မွန်းလွဲပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်။

“ရဲကတော့ ဘာမှမထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့ သိထားတာကတော့ တရားခံက လေးဦးဖြစ်နိုင်ပါတယ်။ ကြိုတင်ကြံစည်ထားတဲ့ ပြစ်မှုပါပဲ။ ဧရာဝတီမ ဟာ စိတ်ရင်းကောင်းပြီး လူတွေကို ကူညီတတ်သူတယောက်ပါ။ တော်တော် စိတ်မကောင်းဖြစ်ရပါတယ် ” လို့ ဧရာဝတီမ နဲ့ရင်းနှီးသူ တဦးက DNA ကိုပြောပါတယ်။

သေဆုံးသူ အသက် ၃၂ နှစ်အရွယ် ကိုတင်ဇော်ထွေး ဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တဦးဖြစ်ပြီး ဧရာဝတီမ လို့လည်း လူသိများပြီး အွန်လိုင်းကနေ အဝတ်အထည်တွေကို ရောင်းချနေသူ တဦးဖြစ်ပါတယ်။ ဧရာဝတီတိုင်း ၊ ငပုတောမြို့ ဇာတိဖြစ်လို့ သူ့ကို ဧရာဝတီမလို့ နာမည်ခေါ်ကြပြီး မဲဆောက်မြို့မှာ အဒေါ်ဖြစ်သူတွေနဲ့ အတူနေထိုင်သူတဦးပါ။ အွန်လိုင်းမှာ တင်ထားတဲ့ ပို့စ်တခုအရ ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမဟာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့တာ ၉ နှစ်ကျော်ပြီလို့ သိရပါတယ်။

ကနဦး တွေ့ရှိချက်တွေအရ အသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ သူ့ရဲ့လိင်စိတ်ကွဲပြားမှုအပေါ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ စော်ကားထားတဲ့ လက္ခဏာတွေနဲ့အတူ ဦးခေါင်းကွဲအက်ဒဏ်ရာကနေထွက်လာတဲ့ သွေးထွက်လွန်မှုကြောင့် သေဆုံးရတယ်လို့  အမှုကိစ္စကို လိုက်လံကူညီနေတဲ့ မြန်မာနိုင်ငံသား LGBT တဦးက ရှင်းပြပါတယ်။

“သူ့ကို ပြန်တွေ့တဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းက အတော်ရင်နင့်စရာ ကောင်းတယ်။ လိင်စိတ်ခံယူမှု ကွဲပြားတာကို အသုံးချသွားတာ ” လို့ သူက ဆိုပါတယ်။ ဟာ ဇန်နဝါရီည ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး နောက်တနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အခုလို ဒဏ်ရာတွေနဲ့အတူ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် သူ့ဆီမှာပါသွားတဲ့ ရွှေ၊ ငွေ၊ ဖုန်း စတဲ့ ဘတ် ၁ သိန်းဝန်းကျင် တန်ဖိုးရှိ ပစ္စည်းတွေလည်း ပျောက်ဆုံးနေခဲ့တာပါ။ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ နေရာဟာ လမ်းမတန်းနဲ့ အတန်ငယ်ဝေးကွာပြီး ညအချိန်ဆို လူခြေပြတ်လပ်တဲ့ နေရာဖြစ်သလို ဝါးရင်းတုတ်ရှိနိုင်စရာ အကြောင်းမရှိတဲ့ မြက်ရိုင်းတောနေရာမှာ သွေးစွန်းနေတဲ့ ဝါးရင်းတုတ်ကို တွေ့ရတာကြောင့် ဒါဟာ ကြိုတင်ကြံစည်ထားတာဖြစ်တယ်လို့ အမှုကိစ္စကို လိုက်လံကူညီနေတဲ့သူက မှတ်ချက်ပေးပါတယ်။

ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမ ဟာ  ချိန်းဆိုထားသူ တဦးနဲ့တွေ့ဆုံဖို့ အိမ်က ထွက်သွားခဲ့တာလို့ သူ့မိတ်ဆွေတွေက သိထားခဲ့ကြပြီး အဲဒီ တွေ့ဆုံဖို့ ချိန်းဆိုတယ်ဆိုတဲ့ နေရာနဲ့ သေဆုံးလျှက် ပြန်တွေ့ရတဲ့နေရာဟာ ကီလိုမီတာ အနည်းငယ်ကွာဝေးတယ်လို့ ဆိုပါတယ်။

လက်ရှိ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီအထိ တရားခံလို့ယူဆရသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပေမယ့် သူ့နာရေးသတင်းကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ တရားခံဖမ်းမိပြီ ဆိုတဲ့သတင်းမှားတွေ ဖြန့်ဝေသူတွေ လည်း ရှိနေပါတယ်။

ဒါအပြင် LGBT တဦးဖြစ်တဲ့အပေါ် စော်ကားပြောဆိုမှုတွေလည်း ရှိနေတာကြောင့် ဧရာဝတီမ ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အမုန်းစကားတွေ ရေးသားဖြန့်ဝေနေတာကို ရှောင်ရှားပေးဖို့၊ သတင်းမှားတွေ မဖြန့်ဝေကြဖို့ လူမှုကွန်ရက်ပေါ်မှာ ဆက်တိုက်တောင်းဆိုနေကြပါတယ်။

သေဆုံးသူ ကိုတင်ဇော်ထွေး(ခေါ်)ဧရာဝတီမရဲ့ ဈာပနကိုတော့ မဲဆောက်မြို့ ကျောင်းကြီးကျောင်းမှာ စီစဉ်ထားပါတယ်။