နေတိုးအဖွဲ့ဝင် ရာထူး​နေရာ ၂၀၀ နီးပါးကို အမေရိကန် လျှော့ချမယ်

အခုလို ဝန်ထမ်းလျှော့ချမှုဟာ နေတိုးရဲ့ ၇၇ နှစ်တာ သမိုင်းတလျှောက် သံတမန်ရေးအရ အကျပ်တည်းဆုံး အချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

၂၁၊ ဇန်နဝါရီ။

အမေရိကန်ပြည်ထောင်စုဟာ အဓိကကျတဲ့ နေတိုး (NATO) ကွပ်ကဲမှုဌာန အတော်များများမှာ တာဝန်ချထားတဲ့ ဝန်ထမ်းအရေအတွက်ကို လျှော့ချဖို့ စီစဉ်နေပါတယ်။

အဆိုပါ လုပ်ရပ်ဟာ မဟာမိတ်အဖွဲ့အပေါ် ဝါရှင်တန်ရဲ့ ကတိကဝတ်ပြုမှုနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေကြား စိုးရိမ်မှုတွေ ပိုတိုးလာစေနိုင်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်သုံးခုက အခု အပတ်ထဲမှာ ပြောပါတယ်။

ထရမ့်အစိုးရက ဥရောပနိုင်ငံ တချို့ကို အကြောင်းကြားထားတဲ့ အခုအစီအစဉ်အရ နေတိုးရဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို ကြီးကြပ်စီမံနေတဲ့ ဌာနတွေက ရာထူးနေရာ ၂၀၀ နီးပါးကို အမေရိကန်က ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဆိုပါ အခြေအနေဟာ အင်္ဂလန်အခြေစိုက် နေတိုးထောက်လှမ်းရေး ပေါင်းစပ်ညှိနှိုင်းရေးဌာနနဲ့ ဘရပ်ဆဲလ်မှာရှိတဲ့ မဟာမိတ်အထူးစစ်ဆင်ရေး တပ်ဖွဲ့များ ကွပ်ကဲမှုဌာနတို့ အပါအဝင် ဌာနအတော်များများ သက်ရောက်မှုရှိမှာပါ။

ပေါ်တူဂီအခြေစိုက် ရေကြောင်းစစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့ STRIKFORNATO နဲ့ တခြား အလားတူ နေတိုးဌာန အတော်များများမှာလည်း ဝန်ထမ်းလျှော့ချတာတွေ ရှိမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

နေတိုးမှာ တာဝန်ပေးထားတဲ့ ဝန်ထမ်းတွေကို ဘာကြောင့် လျှော့ချဖို့ ဆုံးဖြတ်ရတာလဲဆိုတဲ့ အသေးစိတ် အကြောင်းရင်းကိုတော့မပြောပါဘူး။

အဆိုပါ ဆုံးဖြတ်ချက်ကို The Washington Post သတင်းစာက အစောဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲဟာ ဥရောပမှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်အင်အားနဲ့ ယှဉ်ရင်တော့ အနည်းငယ်ပဲ ရှိတာမို့ အမေရိကန်က ဥရောပတိုက်ကနေ လုံးဝခွာတော့မယ်လို့တော့ တိုက်ရိုက် မဆိုလိုနိုင်ပါဘူး။

လက်ရှိမှာ အမေရိကန် စစ်သည် ၈၀,၀၀၀ နီးပါး ဥရောပမှာ အခြေစိုက်ထားပြီး အဲဒီထဲက ထက်ဝက်နီးပါးက ဂျာမနီမှာ ရှိနေတာပါ။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ရဲ့ အနာဂတ်အပေါ် ဥရောပရဲ့ စိုးရိမ်မှုကို မြင့်တက်စေမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်ဆီကနေ ဂရင်းလန်းကျွန်းကို ရယူဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်နေတာကြောင့် နေတိုးအဖွဲ့ဝင်အချင်းချင်းကြား နယ်မြေကျူးကျော်မှု ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေဟာ အရင်ကထက် ပိုပြီး စိုးရိမ်စရာ ဖြစ်နေတာပါ။

အခုလို ဝန်ထမ်းလျှော့ချမှုဟာ နေတိုးရဲ့ ၇၇ နှစ်တာ သမိုင်းတလျှောက် သံတမန်ရေးအရ အကျပ်တည်းဆုံး အချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်းမှာ နေတိုးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးသလို ကာကွယ်ရေး အသုံးစရိတ် မထည့်ဝင်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ ရုရှားသမ္မတ ပူတင်ကို အားပေးမယ်လို့တောင် မဲဆွယ်ကာလမှာ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာတော့ ဇွန်လထိပ်သီးအစည်းအဝေးမှာ ဥရောပခေါင်းဆောင်တွေက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ သဘောတူခဲ့ကြလို့ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနဲ့ တခြားခေါင်းဆောင်တွေကို ထရမ့်က အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။

Ref – Reuters