
အခုအချိန်အထိ အဆိုပါ ဒေသနှစ်ခုမှာ မီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာဟာ ဟက်တာ ၈,၅၀၀ (ဧက ၂၁,၀၀၀ နီးပါး) ရှိနေပြီဖြစ်ပါတယ်။
၁၉၊ ဇန်နဝါရီ။
ချီလီနိုင်ငံ တောင်ပိုင်းမှာ တောမီးတွေ အရှိန်အဟုန်နဲ့ ကူးစက်လောင်ကျွမ်းနေတာကြောင့် အနည်းဆုံး လူပေါင်း ၂၀,၀၀၀ ခန့်ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဆိုပါ အခြေအနေကြောင့် သမ္မတ ဂေဘရီရယ် ဘောရစ်က နိုင်ငံတောင်ပိုင်းက ဒေသနှစ်ခုကို အရေးပေါ်အခြေအနေအဖြစ်တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ချီလီ သစ်တောဌာန (CONAF) ရဲ့ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ လောင်ကျွမ်းနေဆဲ နေရာ ၂၄ ခုကို မီးသတ်သမားတွေ ငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။
အဆိုးရွားဆုံး မီးလောင်မှုတွေကတော့ အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ နျူဘဲလ်နဲ့ ဘိုင်အိုဘိုင်အိုဒေသတွေမှာဖြစ်ပွားနေတာပါ။ အဲဒီဒေသတွေဟာ မြို့တော် ဆန်တီယာဂိုရဲ့ တောင်ဘက် ကီလိုမီတာ ၅၀၀ အကွာမှာ တည်ရှိပါတယ်။
သမ္မတ ဘောရစ်က သူရဲ့ X အကောင့်မှာ “အခုဖြစ်ပွားနေတဲ့ တောမီးလောင်မှု အခြေအနေဟာ အလွန်စိုးရိမ်ရတဲ့အတွက် နျူဘဲလ်နဲ့ ဘိုင်အိုဘိုင်အို ဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်အားလုံးကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်” လို့ ရေးသားထားပါတယ်။
အခုအချိန်အထိ အဆိုပါ ဒေသနှစ်ခုမှာ မီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာဟာ ဟက်တာ ၈,၅၀၀ (ဧက ၂၁,၀၀၀ နီးပါး) ရှိနေပြီဖြစ်ပါတယ်။
မီးဘေးဟာ လူနေရပ်ကွက်အများအပြားကို ခြိမ်းခြောက်လာနေတာကြောင့် အာဏာပိုင်တွေက ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းခိုင်းနေရပါတယ်။
ချီလီ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ အဆိုအရ လူပေါင်း ၂၀,၀၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပြီး အိမ်ခြေ၂၅၀ ထက်မနည်း မီးထဲပါသွားပြီလို့ သိရပါတယ်။
လေပြင်းတိုက်ခတ်တာနဲ့ အပူချိန်မြင့်မားတာတွေလိုမျိုး ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် တောမီးတွေ ပိုမိုပြန့်နှံ့လွယ်နေပြီး မီးသတ်သမားတွေအတွက် မီးကိုထိန်းချုပ်ဖို့ ပိုခက်ခဲနေစေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ချီလီနိုင်ငံရဲ့ နေရာအတော်များများမှာ အလွန်အမင်း ပူပြင်းနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မြို့တော် ဆန်တီယာဂိုကနေ ဘိုင်အိုဘိုင်အိုအထိ ဒေသတွေမှာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁၀၀ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အခုနှစ်ဆန်းပိုင်းကစလို့ ချီလီနဲ့ အာဂျင်တီးနား နှစ်နိုင်ငံလုံးမှာ အပူရှိန်ပြင်းထန်မှုနဲ့ အပူလှိုင်းဒဏ်ကို ခံစားနေရတာပါ။ အခုလအစောပိုင်းမှာလည်း အာဂျင်တီးနားနိုင်ငံရဲ့ ပါတာဂိုးနီးယားဒေသမှာ ပြင်းထန်တဲ့ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref – Reuters