
“မနှစ်က တပိဿာ သောင်းရှစ်ထောင်၊ အခု နှစ်သောင်း၊ စျေးတက်နေတာပေ့ါ၊ မြေပဲစျေး ကောင်းနေလို့ပါ၊ စျေးအများကြီးကောင်းတာတော့ မဟုတ်ဘူး”
၁၇၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကော်မရှင်က မလောက်မငှ၊ ခွဲတမ်းကျရောင်းချနေတဲ့ စားအုန်းဆီနဲ့ ဒေသထွက် မြေပဲဆီတွေ စျေးအနည်းငယ်မြင့်တက်နေပါတယ်။
အရင်က စားအုန်းဆီတပိဿာကို တသောင်းဝန်ကျင်သာ ရှိခဲ့ရာကနေ အခုအခါ တသောင်းတထောင်၊ တသောင်း နှစ်ထောင်ထိ စျေးတက်နေပြီး ပဲဆီကတော့ အရင် တသောင်းရှစ်ထောင်ရှိခဲ့ရာကနေ အခုအခါနှစ်သောင်းဝန်းကျင် စျေးရှိနေတယ်လို့ သိရပါတယ်။
“အပြင်ဆိုင်တွေ စျေးတင်ရောင်းလို့ တက်တာပါ အဓိက။ လမ်းခရီးကြမ်းလို့ စရိတ်စကများလို့ စျေးတက်တယ် လို့တော့ ပြောကြတာပဲ ဆိုင်တွေကတော့။ အရင်ကထက် တက်သွားတယ်။ ဒီလထဲမှာပဲ တက်သွားတာပါ” လို့ မြန်အောင်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကော်မရှင်က သတ်မှတ်ပေးထားတဲ့ ဆိုင်တွေကနေ စားအုန်းဆီတွေကို အိမ်ထောင်စု တခုအတွက် တလမှာ ငါး ဆယ်သားကျစီ ခွဲတမ်းကျ ရည်ညွှန်းစျေးအတိုင်း ရောင်းပေးပြီး ဆီထပ်လိုရင်တော့ ပြင်ပပေါက်စျေးအတိုင်း ဝယ် ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ဆီက ဝယ်ရင်တော့ ၇၀၀၀ နဲ့ရတယ်။ ဒါပေမယ့် မလောက်ဘူးလေ ၊ အပြင်က ဝယ်ရတာပဲ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်း မြို့နယ်အချို့မှာ အဲဒီလို စားအုန်းဆီတွေကို ရည်ညွှန်းစျေးအတိုင်းခွဲတမ်းကျ ရောင်းချပေး နေပေမယ့် တချို့မြို့နယ်တွေမှာတော့ အပြင်ဆိုင်တွေကပဲ ဝယ်နေကြရတယ်လို့ ဆိုပါ တယ်။
“ကျွန်တော်တို့ဘက်မှာ အဲဒီလိုမျိုး ရောင်းတာမရှိဘူး၊ အုပ်ချုပ်ရေးမှူးကလည်း ဘာမှမပြောပြဘူး။ အပြင်ဆိုင်တွေ ကပဲ ဝယ်ရတယ်” လို့ ဘိုကလေးမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
စားအုန်းဆီကို ရည်ညွှန်းစျေးအတိုင်း မရောင်းဘဲ ပြင်ပဆိုင်တွေနဲ့ ပေါင်းပြီး စျေးတင်ရောင်းနေကြတဲ့အတွက် ပြည်သူတွေမှာ စျေးကြီးပေးဝယ်နေကြရကာ အဆင်မပြေဘူးလို့ ဖျာပုံမြို့နယ်မှ အကြော်ရောင်းတဲ့အမျိုးသမီးတ ဦးက ပြောပါတယ်။
“အကြော်ရောင်းတော့ ဆီအများကြီးလိုတယ်လေ။ အပြင်ဆိုင်က ဝယ်ရတယ်။ ပုံမှန်စျေးအတိုင်းပဲ ခုနှစ်ထောင် ဆိုရင် ခုနှစ်ထောင်နဲ့ပဲ ရောင်းစေချင်တယ်၊ အခုက ဝယ်ရတာ မသက်သာဘူး” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒေသထွက် မြေပဲဆီဟာလည်း ကုန်ကြမ်းဖြစ်တဲ့ မြေပဲစျေးတွေ တက်တာကြောင့် အနည်းငယ်တက်လာ တယ်လို့ ဆိုပါတယ်။ “မနှစ်က တပိဿာ သောင်းရှစ်ထောင်၊ အခု နှစ်သောင်း၊ စျေးတက်နေတာပေ့ါ၊ မြေပဲစျေး ကောင်းနေလို့ပါ၊ စျေးအများကြီးကောင်းတာတော့ မဟုတ်ဘူး”လို့ မြန်အောင်မြို့နယ်မှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ စားအုန်းဆီတွေကို စျေးမတက်အောင် ကြပ်မတ်ပြီး ရောင်းချပေးနေတယ်လို့ ဆိုပေမယ့် အောက်ခြေမှာတော့ ပြင်ပအရောင်းဆိုင်တွေက စျေးတင်ရောင်းနေကြတာပါ။ စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စားအုန်းဆီ ရည်ညွှန်းစျေးဟာ တပိဿာကို ကျပ် ၆၁၀၀ ဖြစ် ပါတယ်။