
“အမေရိကန်ပြည်ထောင်စုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ့်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ စေတနာကို အခွင့်ကောင်းယူမယ့်သူတွေကို ဗီဇာလျှောက်ခွင့်မရှိသူတွေအဖြစ် သတ်မှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုသွားမှာပါ”လို့ ဌာနရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ တွမ်မီပီဂေါ့တ်က ပြောပါတယ်။
၁၅၊ ဇန်နဝါရီ။
ဝါရှင်တန်ရဲ့ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းတင်းကျပ်ကျပ် နှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံက အခြေချနေထိုင်ခွင့်ဗီဇာ လျှောက်ထားမှု ထုတ်ပေးတာကို ရပ်ဆိုင်းထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အဆိုပါ ဗီဇာရပ်ဆိုင်းမှုဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာနဲ့ထိုင်းအပါအဝင်၊ ဘရာဇီး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းက နိုင်ငံအများအပြားအပြင် ဘော်လ်ကန်ဒေသနဲ့ ကာရစ်ဘီယံက နိုင်ငံတွေလည်း ပါဝင်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ့်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ စေတနာကို အခွင့်ကောင်းယူမယ့်သူတွေကို ဗီဇာလျှောက်ခွင့်မရှိသူတွေအဖြစ် သတ်မှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုသွားမှာပါ”လို့ ဌာနရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ တွမ်မီပီဂေါ့တ်က ပြောပါတယ်။
“နိုင်ငံတော်ရဲ့ လူမှုဖူလုံရေးခံစားခွင့်တွေကိုပဲ ယူမယ့်သူတွေ ဝင်မလာနိုင်အောင် စည်းမျဉ်းတွေကို ပြန်သုံးသပ်နေတုန်းမှာ အဆိုပါ ၇၅ နိုင်ငံက ဗီဇာထုတ်ပေးမှုတွေကို ခေတ္တရပ်ထားမှာပါ” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ လုပ်ရပ်ဟာ အခြေချနေထိုင်ခွင့်ဗီဇာတွေကို သက်ရောက်မှုရှိမှာဖြစ်ပြီး အလည်အပတ် ဗီဇာတွေကိုတော့ မထိခိုက်ပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ၂၀၂၈ အိုလံပစ်ပွဲတွေရှိနေလို့ အလည်အပတ်ဗီဇာကတော့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေပါတယ်။
အခု ဆုံးဖြတ်ချက်အနေနဲ့ ဗီဇာလျှောက်သူတွေဟာ ငွေကြေးအရ ကိုယ်တိုင်ရပ်တည်နိုင်သူတွေ ဖြစ်ရမယ်၊ အစိုးရရဲ့ ထောက်ပံ့ကြေးအပေါ် မှီခိုမယ့်သူတွေ မဖြစ်စေရဘူးဆိုပြီး သံတမန်တွေကို နိုဝင်ဘာလကတည်းက ညွှန်ကြားခဲ့တဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။
ထရမ့်ဟာ ဇန်နဝါရီမှာ အာဏာပြန်ရကတည်းက လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ် နှိမ်နင်းခဲ့ပါတယ်။ မြို့ကြီးတွေကို ဖက်ဒရယ်အေးဂျင့်တွေ လွှတ်ပြီး တင်းတင်းကျပ်ကျပ် ဖမ်းဆီးစစ်ဆေးခိုင်းတာကြောင့် ပြောင်းရွှေ့လာသူတွေ၊ မြို့ခံတွေနဲ့ ထိပ်တိုက်တွေ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။
သူက တရားမဝင် ဝင်ရောက်မှုကို တားဆီးမယ်လို့ မဲဆွယ်ခဲ့ပေမယ့် အခုတော့ တရားဝင်လာမယ့်သူတွေအတွက်ပါ အခက်အခဲဖြစ်လာပြီး ဥပမာ- ကျွမ်းကျင်လုပ်သားတွေအတွက် H-1B ဗီဇာကြေးတွေကို ဈေးကြီးပေးရအောင် လုပ်လိုက်တာမျိုးပါ။
“ဒီအစိုးရဟာ အမေရိကန်သမိုင်းမှာ တရားဝင်ပြောင်းရွှေ့အခြေချသူတွေကို အဆန့်ကျင်ဆုံး မူဝါဒတွေရှိတဲ့ အစိုးရပဲ”လို့ လူဝင်မှုကြီးကြပ်ရေးလေ့လာသူ ဒေးဗစ်ဘိုင်ယာက ပြောပါတယ်။
“ဒီလိုလုပ်လိုက်တာကြောင့် အမေရိကန်ကို လာမယ့်သူ စုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို ပိတ်လိုက်သလိုဖြစ်ပြီး လာမယ့်တနှစ်တည်းမှာတင် လူပေါင်း ၃ သိန်းကျော်လောက် ဗီဇာငြင်းခံရနိုင်တယ်”လို့ သူက ထောက်ပြပါတယ်။
ထရမ့်သမ္မတ တက်လာပြီးကတည်းက ဗီဇာပေါင်း တသိန်းကျော်ကို ပယ်ဖျက်ခဲ့ပြီးပါပြီ။ ဆိုရှယ်မီဒီယာတွေအထိပါ အသေးစိတ်စစ်ဆေးပြီး ပိုတင်းကျပ်တဲ့ စည်းမျဉ်းတွေကိုလည်း အစိုးရက ကျင့်သုံးနေတာ ဖြစ်ပါတယ်။
အမေရိကန်အရာရှိတဦးရဲ့ အဆိုအရ ဗီဇာရပ်ဆိုင်းခံရမယ့် နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ အယ်လ်ဂျီးရီးယား၊ အန်တီဂွါနဲ့ ဘာဘူဒါ၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘဟားမား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေးဒိုးစ်၊ ဘီလာရုစ်၊ ဘီလိဇ်၊ ဘူတန်၊ ဘော့စနီးယား၊ ဘရာဇီး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ ကွန်ဂို၊ ကျူးဘား၊ ဒိုမီနီကာ၊ အီဂျစ်၊ အီရီထရီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂမ်ဘီယာ၊ ဂျော်ဂျီယာ၊ ဂါနာ၊ ဂရီနေဒါ၊ ဂွါတီမာလာ၊ ဂီနီ၊ ဟေတီ၊ အီရန်၊ အီရတ်၊ အိုင်ဗရီကို့စ်၊ ဂျမေကာ၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကိုဆိုဗို၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ လက်ဘနွန်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မက်ဆီဒိုးနီးယား၊ မော်လ်ဒိုဗာ၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နီပေါ၊ နီကာရာဂွါ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ရုရှား၊ ရဝမ်ဒါ၊ စိန့်ကစ်နှင့် နီးဗစ်၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့်နှင့် ဂရီနဒင်း၊ ဆီနီဂေါ၊ ဆီယာရာလီယွန်၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ တန်ဇန်းနီးယား၊ ထိုင်း၊ တိုဂို၊ တူနီးရှား၊ ယူဂန်ဒါ၊ ဥရုဂွေး၊ ဥဇဘက်ကစ္စတန်နဲ့ ယီမင်တို့ ပါဝင်နေပါတယ်။