
အနောက်အာဖရိကက မွတ်စလင်အများစုနေထိုင်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့တရားရုံး ICJ မှာ အမှုစဖွင့်ခဲ့တာပါ။
၁၃၊ ဇန်နဝါရီ။
မြန်မာနိုင်ငံဟာ လူနည်းစု မွတ်စလင်ရိုဟင်ဂျာတွေကို လူမျိုးတုံးပျောက်ကွယ်သွားအောင် ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့ ဘဝတွေကို အိပ်မက်ဆိုးတခုဖြစ်အောင် ဖန်တီးခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက တနင်္လာနေ့မှာ တရားသူကြီးတွေကို ပြောလိုက်ပါတယ်။
အမှုဟာ ဂမ်ဘီယာဘက်က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲဆိုထားတဲ့ သမိုင်းဝင်အမှုတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အစအဆုံး အသေးစိတ်ကြားနာမယ့် လူမျိုးတုံးသတ်ဖြတ်မှု အမှုပါ။
ဒီအမှုရဲ့ ရလဒ်ဟာ မြန်မာနိုင်ငံအတွက်တင်မကဘဲ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို တောင်အာဖရိကက စွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မြန်မာဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတာကို ငြင်းထားသလို၊ အစ္စရေးကလည်း ဒါကို ငြင်းထားပါတယ်။
အစ္စရေးရှေ့နေတွေကတော့ တောင်အာဖရိကရဲ့ စွဲချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို အလွဲသုံးစားလုပ်တာလို့ ဆိုပါတယ်။
ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးကတော့ ရိုဟင်ဂျာတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဂုဏ်သိက္ခာရှိရှိ နေချင်ကြတဲ့ သာမန်လူသားတွေပဲ ဖြစ်တယ်လို့ ICJ တရားသူကြီးတွေကို ပြောပါတယ်။
“သူတို့ဟာ မျိုးတုံးဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ” လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံဟာ သူတို့ရဲ့ အိပ်မက်တွေကို ရိုက်ချိုးခဲ့ရုံတင်မကဘူး၊ စိတ်ကူးကြည့်လို့ရသမျှ အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ သူတို့ရဲ့ ဘဝတွေကို အိပ်မက်ဆိုးကြီး ဖြစ်သွားအောင် တကယ်ပဲ လုပ်ခဲ့တာပါ”လို့ သူက ဆက်ပြောပါတယ်။
အနောက်အာဖရိကက မွတ်စလင်အများစုနေထိုင်တဲ့ ဂမ်ဘီယာနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့တရားရုံး ICJ မှာ အမှုစဖွင့်ခဲ့တာပါ။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၇၃၀,၀၀၀ ကျော်ဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။
အဲဒီမှာ သူတို့က အသတ်ခံရတာတွေ၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတာတွေနဲ့ မီးရှို့ခံရတာတွေကို ပြန်ပြောပြခဲ့ကြသလို ကုလသမဂ္ဂ အဖွဲ့ကလည်း ဒါဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ လုပ်ရပ်တွေ ပါဝင်နေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေဘက်ကတော့ အဆိုပါ အစီရင်ခံစာကို ပယ်ချခဲ့ပြီး ဒါဟာ မွတ်စလင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို တရားဝင် ပြန်လည်တုံ့ပြန်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟိတ်ဂ်မြို့က ကြားနာပွဲတွေ မစခင်မှာ နစ်နာသူ ရိုဟင်ဂျာတွေက ဒီအမှုကနေ တရားမျှတမှု ရလာဖို့ မျှော်လင့်တယ်လို့ ပြောကြပါတယ်။
“မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့က အဲဒီဒဏ်ကို ခံခဲ့ရသူတွေဖြစ်ပြီး တရားမျှတမှုနဲ့ ထိုက်တန်တယ်ဆိုတာကို ကမ္ဘာကြီး သိသွားစေမယ့် ရလဒ်ကောင်းမျိုး ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်ဆိုတဲ့ အသက် ၅၂ နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် ယူဆွတ်ဖ်အလီက ရိုက်တာကို ပြောပါတယ်။
၂၀၁၉ ခုနှစ် အကြိုကြားနာပွဲတုန်းကတော့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ဖူးပါတယ်။ ဂမ်ဘီယာဘက်က သူတို့ရဲ့ အချက်အလက်တွေကို နောက်ထပ် သုံးရက်ကြာ တင်ပြသွားမှာဖြစ်ပြီး သောကြာနေ့ကျရင်တော့ မြန်မာဘက်က ဒီစွပ်စွဲချက်တွေကို ပြန်လည်ဖြေရှင်းခွင့် ရမှာပါ။
အဲဒီနောက် တရားရုံးက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို တံခါးပိတ်ပြီး ကြားနာသွားမှာပါ။ နစ်နာသူ ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံတကာတရားရုံးတခုမှာ သူတို့ရဲ့ အသံကို တိုက်ရိုက်ကြားခွင့်ရမယ့် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။