
အမေရိကန်အခြေစိုက် HRANA အဖွဲ့ကရတဲ့ နောက်ဆုံးစာရင်းအရ အခုနှစ်ပတ်အတွင်း ဆန္ဒပြသူ ၄၉၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၂၊ ဇန်နဝါရီ။
အီရန်မှာ ဖြစ်နေတဲ့ ဆူပူအုံကြွမှုတွေအတွင်း သေဆုံးသူ ၅၀၀ ကျော်သွားပြီလို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ တဘက်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒပြသူတွေဘက်ကနေ ပါဝင်စွက်ဖက်မယ်လို့ ခြိမ်းခြောက်နေတာကို အကောင်အထည်ဖော်လာရင် အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ တီဟီရန်အစိုးရက တုံ့ပြန်ထားပါတယ်။
အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ အစိုးရဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမယ်ဆိုရင် ဝင်ပါရလိမ့်မယ်လို့ အမေရိကန်သမ္မတ ထရမ့်က တောက်လျှောက် သတိပေးနေတာဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် HRANA အဖွဲ့ကရတဲ့ နောက်ဆုံးစာရင်းအရ အခုနှစ်ပတ်အတွင်း ဆန္ဒပြသူ ၄၉၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သီတင်းပတ်နှစ်ပတ်အတွင်း လူပေါင်း ၁၀,၆၀၀ ကျော်လည်း အဖမ်းခံထားရပါတယ်။
အဆိုပါ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အီရန်ဘက်က တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးသလို ရိုက်တာသတင်းဌာနအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ထရမ့်ဟာ အီရန်အရေးနဲ့ ပတ်သက်လို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ဆွေးနွေးဖို့ သူ့ရဲ့ အကြံပေးတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဖို့ရှိပါတယ်။ Wall Street Journal ရဲ့ အဆိုအရ စစ်ရေးအရ တိုက်ခိုက်တာ၊ လျှို့ဝှက်ဆိုင်ဘာလက်နက်တွေ သုံးတာ၊ ပိတ်ဆို့အရေးယူတာတွေအပြင် အတိုက်အခံတွေဆီ အွန်လိုင်းကတဆင့် ကူညီတာတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။
“စစ်တပ်ကလည်း ဒါကို စောင့်ကြည့်နေသလို ကျွန်တော်တို့လည်း သိပ်ခိုင်မာတဲ့ နည်းလမ်းအချို့ကို စဉ်းစားနေပါတယ်”လို့ ထရမ့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်ဖ်က “တခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ အီရန်ကိုသာ တိုက်ခိုက်လာရင် အစ္စရေးတင်မကဘူး၊ အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေနဲ့ သင်္ဘောတွေအကုန်လုံးဟာ ငါတို့ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်”လို့ ပြောပါတယ်။
အီရန်နိုင်ငံမှာ ကုန်ဈေးနှုန်းတွေ တက်လာလို့ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အခုတော့ အစိုးရ ဖြုတ်ချရေးအထိ ဦးတည်လာခဲ့တာပါ။
အီရန်အာဏာပိုင်တွေကတော့ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လှုံ့ဆော်မှုကြောင့်လို့ စွပ်စွဲထားပါတယ်။
ကြာသပတေးနေ့ကတည်းက အီရန်မှာ အင်တာနက်တွေ ဖြတ်ထားတဲ့အတွက် သတင်းစီးဆင်းမှုတွေလည်း ပြတ်တောက်နေပါတယ်။
ဒါကြောင့် ထရမ့်က အီလွန်မတ်စ်ရဲ့ Starlink နဲ့ အီရန်ကို အင်တာနက် ပြန်ပေးနိုင်မလားဆိုတာ ဆွေးနွေးမယ်လို့ ပြောပါတယ်။
Ref – Reuters