ရုရှားနဲ့ တရုတ် လက်ထဲမရောက်သွားခင် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း ထရမ့်ပြော 

ဂရင်းလန်းဟာ လူဦးရေ အကျဲဆုံးနယ်မြေ ဖြစ်နေပေမဲ့ မြောက်အမေရိကနဲ့ အာတိတ်စပ်ကြားမှာ ရှိနေတဲ့ သူ့ရဲ့ တည်နေရာဟာ ဒုံးကျည်တိုက်ခိုက်မှုတွေအတွက် ကြိုတင်သတိပေးစနစ်တွေ တပ်ဆင်ဖို့နဲ့ အဲဒီဒေသက သင်္ဘောတွေကို စောင့်ကြည့်ဖို့အတွက် ဗျူဟာကျတဲ့ နေရာတခု ဖြစ်နေပါတယ်။

၁၀၊ ဇန်နဝါရီ။

ရုရှားနဲ့ တရုတ်တို့က နယ်မြေချဲ့တာမျိုး မလုပ်နိုင်အောင် ဟန့်တားဖို့အတွက် အမေရိကန်အနေနဲ့ ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့ လိုတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

“နိုင်ငံတွေအနေနဲ့ (နယ်မြေတွေကို) ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ မိမိပိုင်ဆိုင်တဲ့အရာကိုပဲ အကာအကွယ်ပေးလို့ ရပါတယ်။ ငှားထားတဲ့အရာကိုတော့ အကာအကွယ်ပေးလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဂရင်းလန်းကျွန်းကို ကာကွယ်သွားမှာ ဖြစ်ပါတယ်။”လို့  ထရမ့်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြန်လည်ဖြေကြားခဲ့တာပါ။

ဒါကို လွယ်ကူတဲ့နည်းလမ်း ဒါမှမဟုတ်ရင် ခက်ခဲတဲ့နည်းလမ်းနဲ့ လုပ်ဆောင်သွားမယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကို ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က မကြာသေးခင်က ပြောထားပေမဲ့ အင်အားသုံးပြီး သိမ်းယူမယ့် ရွေးချယ်မှုကိုလည်း ပယ်ဖျက်တာ မရှိသေးပါဘူး။

ဒိန်းမတ်နဲ့ ဂရင်းလန်းဘက်ကတော့ ဒီနယ်မြေဟာ ရောင်းဖို့မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ စစ်ရေးအရ အရေးယူဆောင်ရွက်တာဟာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အဆုံးသတ် ဖြစ်သွားလိမ့်မယ်လို့ ဒိန်းမတ်က သတိပေးထားပါတယ်။

ဂရင်းလန်းဟာ လူဦးရေ အကျဲဆုံးနယ်မြေ ဖြစ်နေပေမဲ့ မြောက်အမေရိကနဲ့ အာတိတ်စပ်ကြားမှာ ရှိနေတဲ့ သူ့ရဲ့ တည်နေရာဟာ ဒုံးကျည်တိုက်ခိုက်မှုတွေအတွက် ကြိုတင်သတိပေးစနစ်တွေ တပ်ဆင်ဖို့နဲ့ အဲဒီဒေသက သင်္ဘောတွေကို စောင့်ကြည့်ဖို့အတွက် ဗျူဟာကျတဲ့ နေရာတခု ဖြစ်နေပါတယ်။

အမေရိကန်သမ္မတကတော့ ဂရင်းလန်းဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးပါတယ်လို့ ထပ်တလဲလဲ ပြောနေပြီး “အဲဒီတစ်ခွင်လုံးမှာ ရုရှားနဲ့ တရုတ်သင်္ဘောတွေ ပြည့်နေတာပဲ” လို့လည်း အထောက်အထားမရှိ စွပ်စွဲထားပါတယ်။

ဒုတိယကမ္ဘာစစ်ကတည်းက အမေရိကန်က အသုံးပြုလာတဲ့ ဂရင်းလန်း အနောက်မြောက်ဘက်စွန်းက Pituffik အခြေစိုက်စခန်းမှာ လက်ရှိအချိန်ထိ အမေရိကန်စစ်သည် အင်အား ၁၀၀ ကျော် အမြဲတမ်း တပ်စွဲထားပြီးသား ဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ ချုပ်ဆိုထားတဲ့ လက်ရှိသဘောတူညီချက်တွေအရ အမေရိကန်ဟာ ဂရင်းလန်းကို သူတို့အလိုရှိသလောက် စစ်အင်အား ထပ်မံစေလွှတ်ခွင့် ရှိနေပါတယ်။

ဒါပေမဲ့ ဝါရှင်တန်က သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထရမ့်က ငှားရမ်းတဲ့ သဘောတူညီချက်ဆိုတာ မလုံလောက်ဘူးလို့ ဆိုပါတယ်။ “နိုင်ငံတွေအနေနဲ့ ကိုးနှစ်စာ သဘောတူညီချက် ဒါမှမဟုတ် နှစ် ၁၀၀ စာ သဘောတူညီချက်မျိုးတွေ လုပ်နေလို့ မရဘူး၊ ပိုင်ဆိုင်မှုပဲ ရှိရမယ်”လို့ သူက ထပ်ပြောပါတယ်။

ဒိန်းမတ်ရဲ့ နေတိုးမဟာမိတ်တွေဖြစ်တဲ့ ဥရောပနိုင်ငံကြီးတွေနဲ့ ကနေဒါနိုင်ငံတို့ကတော့ “ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ကသာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆုံးဖြတ်နိုင်တယ်” ဆိုတဲ့ ထုတ်ပြန်ချက်တွေနဲ့အတူ ဒိန်းမတ်ဘက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နယ်နိမိတ်တွေကို ကျူးကျော်ဖောက်ဖျက်လို့ မရဘူးဆိုတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒတွေကို လိုက်နာဖို့လည်း သူတို့က တောင်းဆိုထားပါတယ်။

စနေနေ့က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးဖို့ ထရမ့်က စစ်အင်အား အသုံးပြုခဲ့ပြီးနောက်မှာ ဒီနယ်မြေရဲ့ အနာဂတ်အတွက် စိုးရိမ်မှုတွေ ပြန်လည် ထွက်ပေါ်လာတာပါ။ ထရမ့်ဟာ ၂၀၁၉ ခုနှစ် သူ့ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာလည်း  အဆိုပါကျွန်းကို ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ ရောင်းဖို့မဟုတ်ဘူးဆိုတဲ့ အဖြေကိုပဲ ရခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဟာ လာမယ့်အပတ်မှာ ဒိန်းမတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ မကြာသေးမီနှစ်တွေအတွင်းမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ရေခဲတွေ အရည်ပျော်လာတာနဲ့အမျှ ဂရင်းလန်းရဲ့ သဘာဝသယံဇာတတွေဖြစ်တဲ့ မြေရှားသတ္တု၊ ယူရေနီယံနဲ့ သံရိုင်းတွေကို ထုတ်ယူဖို့ ပိုလွယ်ကူလာတာကြောင့် စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲဒီမှာ သိသာထင်ရှားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယံဇာတတွေလည်း ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။

သောကြာနေ့ညက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ အတိုက်အခံတွေ အပါအဝင် ဂရင်းလန်း နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက “အမေရိကန်အနေနဲ့ ငါတို့နိုင်ငံအပေါ် လေးစားမှုမရှိတာတွေကို ရပ်တန်းကရပ်ဖို့” ထပ်မံ တောင်းဆိုလိုက်ပါတယ်။ “ငါတို့က အမေရိကန်တွေလည်း အဖြစ်မခံနိုင်ဘူး၊ ဒိန်းမတ်တွေလည်း အဖြစ်မခံနိုင်ဘူး၊ ငါတို့က ဂရင်းလန်းသားတွေပဲ ဖြစ်ချင်တာ၊ ဂရင်းလန်းရဲ့ အနာဂတ်ကို ဂရင်းလန်းပြည်သူတွေပဲ ဆုံးဖြတ်ရမယ်” လို့ သူတို့က ဆိုပါတယ်။

Ref – BBC