
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က လော့စ်အိန်ဂျလိစ် အပါအဝင် ခရိုင်အများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
၂၅၊ ဒီဇင်ဘာ။
ခရစ္စမတ်ကာလအတွင်း အဆိုးရွားဆုံး မုန်တိုင်းတွေထဲက တခုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနေပြီး အန္တရာယ်ရှိတဲ့ မြေပြိုမှု အန္တရာယ်ကြောင့်
လော့စ်အိန်ဂျလိစ်နဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်း ဒေသအများစုမှာ ဒီဇင်ဘာ ၂၄ ရက်ကတည်းက ရုတ်တရက် ရေကြီးနိုင်ခြေ သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က လော့စ်အိန်ဂျလိစ် အပါအဝင် ခရိုင်အများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
“ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ဒီနေ့နဲ့ မနက်ဖြန်မှာ အသက်အန္တရာယ်ရှိတဲ့ ရုတ်တရက် ရေကြီးမှုတွေ ဆက်လက်ဖြစ်ပွားနိုင်ပြီး တောင်တန်းဒေသတွေမှာ နှင်းအလွန်အကျွံကျတာနဲ့ လေပြင်းတိုက်ခတ်တာတွေလည်း ဖြစ်ပေါ်နေတယ်”လို့ အမျိုးသား မိုးလေဝသဌာန (NWS) က ပြောကြားထားပြီး “လူ့အသက်နဲ့ ပိုင်ဆိုင်မှုတွေဟာ အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေတယ်” လို့ ထပ်လောင်း သတိပေးထားပါတယ်။
အင်္ဂါနေ့ညက မိုးသည်းသည်းမည်းမည်း ရွာသွန်းမှုမှာ လော့စ်အိန်ဂျလိစ်က သစ်ပင်တွေ လဲကျတာတွေ အပါအဝင် လမ်းမပေါ်တွေမှာလည်း အမှိုက်သရိုက်တွေ တင်ကျန်ခဲ့တဲ့အပြင် သွားလာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ရေကြီးမှုတချို့လည်း ဖြစ်ပွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ မိုးသည်းထန်မှုက ပိုမိုပြင်းထန်လာခဲ့ပြီး ခရစ္စမတ်မုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားတဲ့အပြင် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ လူထောင်ပေါင်းများစွာဟာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပထမမုန်တိုင်းဟာ လော့စ်အိန်ဂျလိစ်ဒေသကနေ ရွေ့လျားထွက်ခွာသွားပေမဲ့ နောက်ထပ်မုန်တိုင်းတခု ထပ်မံဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ပထမဆုံး ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် တချို့လူနေရပ်ကွက်တွေမှာ မိုးရေချိန် ၂၅.၄ စင်တီမီတာ (၁၀ လက်မခန့်) အထိ ရွာသွန်းခဲ့ပြီးဖြစ်ကြောင်း ခန့်မှန်းချက်တွေအရ သိရပါတယ်။
Poweroutage.us ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ခရစ္စမတ်အကြိုနေ့ဆီ ကူးပြောင်းချိန်မှာ တပြည်နယ်လုံးရှိ နေအိမ်နဲ့ လုပ်ငန်းပေါင်း ၈၀,၀၀၀ ခန့်မှာ လျှပ်စစ်မီး ပြတ်တောက်နေကြတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရတဲ့ ပစိဖိတ် ပါလီဆိတ်နဲ့ မာလီဘူ ကမ်းရိုးတန်းဒေသတွေ အပါအဝင် တောမီးလောင်ပြင် အနီးတဝိုက်ရှိ လူနေရပ်ကွက်တွေကို အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
တောမီးကြောင့် မြေမျက်နှာပြင်တွေ ပျက်စီးထားလို့ မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှု အန္တရာယ်ပိုများနေပါတယ်။
လူအများအပြားကတော့ မိသားစုနဲ့အတူ ခရစ္စမတ်ကာလ ပိတ်ရက်ကုန်ဆုံးဖို့ ကားနဲ့ ခရီးသွားချင်နေကြပေမဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းတခွင်မှာ ရေကြီးတာတွေ၊ သစ်ပင်လဲကျတာတွေနဲ့ ရွှံ့နွံစီးဆင်းမှုတွေကြောင့် အဓိက လမ်းမကြီးတွေနဲ့ အဝေးပြေးလမ်းတွေကို ပိတ်ထားရတယ်လို့ သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက ကြေညာထားပါတယ်။
Ref – AFP