ထိုင်း-လာအို ချစ်ကြည်ရေးတံတားသစ် ဖွင့်လှစ်မယ်

အဆိုပါ တံတားသစ် ဖွင့်လှစ်မှုဟာ ထိုင်းနဲ့ လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်ပြီး ဒေသတွင်း ချိတ်ဆက်မှုနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၄၊ ဒီဇင်ဘာ။

ထိုင်းနိုင်ငံ ဘောင်းကံနဲ့ လာအိုနိုင်ငံ ဘိုလီခမ်ဆိုင်းတို့ကို ဆက်သွယ်ထားတဲ့  ငါးစင်းမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၅ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ နှစ်နိုင်ငံအာဏာပိုင်တွေက အတည်ပြု ပြောကြားထားပါတယ်။

အဆိုပါ တံတားသစ် ဖွင့်လှစ်မှုဟာ ထိုင်းနဲ့ လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်ပြီး ဒေသတွင်း ချိတ်ဆက်မှုနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနူတင်က ထိုင်းနိုင်ငံဆိုင်ရာ လာအိုသံအမတ်အသစ် မစ္စတာ ဆီဆာဗတ် အင်ဖာချန်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံစဉ် အခုလို ကြိုဆိုလိုက်တာပါ။

အနူတင်က သံအမတ်ကြီးရဲ့ အတွေ့အကြုံတွေနဲ့ ထိုင်းနိုင်ငံအပေါ် နားလည်မှုတွေဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ ယုံကြည်မှုတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လာအိုနိုင်ငံရဲ့ ကုန်းတွင်းပိတ်နိုင်ငံကနေ ကုန်းလမ်းဆက်သွယ်ရေး ဗဟိုချက် ဖြစ်လာစေရေး (Land-Locked-to-Land-Linked) မူဝါဒကို ထိုင်းနိုင်ငံအနေနဲ့ အပြည့်အဝ ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ နောင်ခိုင်ခရိုင်နဲ့ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတို့ကို ဆက်သွယ်မယ့် မဲခေါင်မြစ်ကူး မီးရထားတံတားသစ် စီမံကိန်းမှာလည်း လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရရှိဖို့ မျှော်လင့်ထားကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Ref – Bangkok Post