
“လက်နက်ကြီးက မပစ်တဲ့နေ့မရှိဘူး။ နေ့တိုင်း ပစ်နေတာ၊ ညဘက်တွေဆို မီးလုံးတွေ နီရဲပြီး မြင်ရတယ်။ လေယာဉ်တွေလည်း လာတာတွေ့တယ်၊ မနက်ကလည်း လေယာဉ်တစီး သွားတာ တွေ့လိုက်တယ်”
၂၂၊ ဒီဇင်ဘာ။
လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ် ပုသိမ်-မုံရွာ ကမ်းလမ်းလေး ကျေးရွာတွေမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်( AA)ပူးပေါင်း တပ်ဖွဲ့တွေဟာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံး များနေတဲ့အတွက် အရပ်သား လူနေပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေပါတယ်။
“လေယာဉ်တွေ၊ လေထီးတွေနဲ့ ဆက်တိုက်လာချနေတာ တပတ်လောက် ရှိပြီ။ အဲကောင်တွေ ထုံးစံအတိုင်း အထိ နာလို့ လုပ်နေတာ။ ဒီကောင်တွေ ဆုတ်ပြေးနေရတယ်လေ၊ စစ်ကူလည်း မရောက်တော့ လေကြောင်းနဲ့ လုပ်နေ တတာ။ တကယ်ကျတာက ရွာထဲတွေကို ကျတယ်၊ တကယ်ထိတာကလည်း အရပ်သားတွေ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ် စောပြာ၊ ချင်းကုန်းကျေးရွာ အနီးဝန်းကျင်၊ ရေကြည်မြို့နယ် မြောက်စမ်းရွာ အမြောက်တပ် အမတ (၃၄၄) အနီးဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး AA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထပ်မံသိမ်းပိုက် ရရှိထားတဲ့ စခန်းငယ်တွေ ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် စစ်တပ်ဟာ ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတွေနဲ့ စောပြာရွာထဲနဲ့ အနီးတဝိုက် လာရောက် ဗုံးကြဲနေသလို ငသိုင်းချောင်း၊ မြောက်စမ်းရွာ အမြောက်တပ် အမတ(၃၄၄)ကနေလည်း လက်နက်ကြီး တွေနဲ့ လှမ်းပစ်နေတယ်လို့ သိရပါတယ်။

“လက်နက်ကြီးက မပစ်တဲ့နေ့မရှိဘူး။ နေ့တိုင်း ပစ်နေတာ၊ ညဘက်တွေဆို မီးလုံးတွေ နီရဲပြီး မြင်ရတယ်။ လေယာဉ်တွေလည်း လာတာတွေ့တယ်၊ မနက်ကလည်း လေယာဉ်တစီး သွားတာ တွေ့လိုက်တယ်” လို့ ရေကြည်မြို့ နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း စစ်တပ်ဟာ စောပြာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး လူနေအိမ် ဆယ်လုံး မီးလောင်ပျက်စီး ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စောပြာ ရွာထဲကိုပဲ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးကာ တဦး ဒဏ်ရာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ခက်ချိုကုန်းရွာသို့ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ကာ ရွာသားတဦး သေဆုံးခဲ့ပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲဒီအနီးတဝိုက် ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်မယ်လို့ ယူဆတဲ့ တောတောင်တွေထဲနဲ့ နီးစပ်ရာ ဆွေးမျိုး၊ အသိရှိတဲ့ ဒေသတွေဆီ တိမ်းရှောင်နေကြရပြီး စားရေးသောက်ရေး အခက်အခဲအပြင် ဆောင်းတွင်းကာလ ဖြစ်တာကြောင့် အနွေးထည်၊ စောင်တို့လည်း လိုအပ်နေကြတယ်လို့ ဆိုကြပါ တယ်။
“လူတွေက တောတောင်တွေထဲ ပြေးကြတာ ပိုများတယ်။ ရွာမှာ စိုက်ထား ပျိုးထား ကြတာတွေလည်း ရှိတော့ အကုန်စွန့်ပြီး မသွားရက်ကြဘူးပေ့ါ။ ဒီအတိုင်း လေယာာဉ်တွေနဲ့ လာကြဲနေမယ်ဆိုရင် ရွာထဲ တယောက်မှ ပြန်ဝင်ရဲ ကြမှာမဟုတ်ဘူး” လို့ လေးမျက်နှာမြို့နယ်မှ စစ်ရှောင်တွေအကြောင်း သိထားတဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
လေးမျက်နှာ၊ ရေကြည်မြို့နယ်တွေအတွင်း စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း သောင်းဂဏန်းထိ ရှိနေပြီး အဲဒီစစ်ရှောင် တွေဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပြီး စစ်ကော်မရှင်ကတော့ ပုံမှန်ထောက်ပံ့ပေးနေတယ်ပြောဆိုနေ ပေမယ့် လက်တွေ့မှာ ပုံမှန်အကူအညီမရကြဘူးလို့ စစ်ရှောင်တွေဆီက သိရပါတယ်။
ပုသိမ် – မုံရွာလမ်းမပေါ်ရှိတဲ့ စစ်ကော်မရှင်တပ်စခန်းအချို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ လမ်း မကြီးတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး အမတ ၃၄၄ ကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ဖို့ ချည်းကမ်းလာတာကို တွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“၃၄၄ နားက အသံတွေ ခဏခဏာကြားရတယ်။ ဘယ်နားမှာ တိုက်ပွဲဖြစ်လဲ အတိအကျတော့ မသိဘူး။ ၃၄၄ နားမှာ တိုက်ပွဲမရှိတာက ကြာခဲ့ပြီ။ ဒီတခေါက်ဖြစ်ရင် ပြင်းမယ်ထင်တာပဲ။ ကာကင်းတွေ သိပ်မကျန်တော့ဘူး။ အ ကြီးဆုံးကာကင်းတောင် ပါသွားပြီ” လို့ ရေကြည်မြို့နယ်မှ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလအတွင်းမှာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ခဲ့ပြီးနောက် ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်းအတွင်းက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာပါ။
ဂွကမ်းခြေအတိုင်း ရွှေသောင်ယံကမ်းခြေထိ၊ ရိုးမအရှေ့ဘက်ခြမ်းတလျှောက်နဲ့ ပုသိမ် – မုံရွာလမ်းဘေးတလျှောက် လေးမျက်နှာ၊ ရေကြည်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို သိမ်းပိုက်နေပြီး ဂွကမ်းခြေတလျှောက် ရွှေသောင်ယံအနီးက ဘောမိ၊ မကျီးဇင်ကျေးရွာတို့နဲ့ မကျီးဇင် – သာပေါင်းကြား ကျေးရွာတချို့ကို သိမ်းပိုက်ထိန်း ချုပ်ထားပါတယ်။
ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ဒေသခံတော် လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။