မြန်အောင်မြို့မှာ စစ်တပ်က သက်လတ်ပိုင်း အမျိုးသားတွေကို မြို့စောင့်တပ်အဖြစ် စုဆောင်းနေ

“သူတို့က လတိုင်း တရပ်ကွက်ကို ၅ယောက် အနည်းဆုံးခေါ်တာ။ မလိုက်ချင်ရင်တော့ ပိုက်ဆံပေးရတယ်။ တသိန်းခွဲ နှစ်သိန်း ပေးတဲ့သူတွေလည်း ရှိပေမယ့် မပေးနိုင်တဲ့သူတွေက လိုက်ကြရတာပေါ့”

၂၂၊ဒီဇင်ဘာလ။

ဧရာဝတီတိုင်း၊မြန်အောင်မြို့မှာ စစ်တပ်က အသက် ၄၀ နဲ့ ၅၀ အကြား အမျိုးသားတွေကို မြို့စောင့်တပ်အတွက်  လူစုဆောင်းမှုတွေ ၊ ငွေကြေးကောက်ခံမှုတွေ လုပ်နေတာပါတယ်။

“မြို့စောင့်တပ်ထဲ လိုက်ရတဲ့သူတွေကို အရင်ဆုံး စစ်ယူနီဖောင်း ပေးဝတ်တယ်။နယ်ထိန်းနဲ့ တပ်ကြပ်ရယ် ပြည်သူ့စစ်တွေလည်း ပါတယ်။ သူတို့နဲ့ပဲ ကင်းလှည့်လိုက်ရတာ။ပြည့်သူ့စစ် တွေကိုတော့ လက်နက်ပေးကိုင်ပေမယ့် မြို့စောင့်တပ်ဖွဲ့ တွေကိုတော့ လက်နက်မကိုင်ခိုင်းဘူး။ ဒီတိုင်း လုံခြုံရေး သက်သက်ပဲ”လို့ မြန်အောင်မြို့ခံ တဦးကပြောပါတယ်။

မြန်အောင်မြို့ဝင်ကြေးဂိတ်မှာ ကားတွေ၊ဆိုင်ကယ်တွေကို စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ မြို့စောင့်တပ်တွေက  စစ်ဆေးမှုတွေ လုပ်နေတာ ၅ လ ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

“သူတို့က လတိုင်း တရပ်ကွက်ကို ၅ယောက် အနည်းဆုံးခေါ်တာ။ မလိုက်ချင်ရင်တော့ ပိုက်ဆံပေးရတယ်။တသိန်းခွဲ နှစ်သိန်း ပေးတဲ့သူတွေလည်း ရှိပေမယ့် မပေးနိုင်တဲ့သူတွေက လိုက်ကြရတာပေါ့” လို့  မြန်အောင်မြို့က သုံးဘီးမောင်းသူတဦးက ပြောပါတယ်။

ဆယ်အိမ်မှုးနဲ့ ရာအိမ်မှုးတွေက အိမ်တိုင်ရာရောက် ပိုက်ဆံကောက်ယူတာတွေအပြင် ပေးရတဲ့ ပိုက်ဆံက ရပ်ကွက်အလိုက် မတူတာလည်း ရှိနေပါတယ်။ အမှတ်(၁) ရပ်ကွက်မှာ တခါတရံ ရပ်ကွက် အုပ်ချုပ်ရေးမှုးနဲ့အတူ စစ်သား နှစ်ယောက် ပါလာတတ်ပြီး လုံခြုံရေးအဖြစ်နဲ့ မြို့ခံအချို့လည်း လိုက်ပါလာတတ်တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူ တဦးက ပြောပါတယ်။

“အခြေအနက ဘာမှ မတတ်နိုင်တာ။ ပိုက်ဆံပေးရင်ပေး မပေးရင်တော့ လုပ်ရုံပဲလေ။

တချို့ကျ ဆွေမျိုးတွေရှိတဲ့ မြို့တွေဆီကို သွားနေကြတယ်။စစ်မှုထမ်း ကိစ္စကြောင့် ရပ်ကွက်ထဲလည်း လူငယ်တွေ သိပ်မှမ ကျန်တော့တာ။အတော်များများ နိုင်ငံခြား ရောက်ကုန်ကြပြီ။ ရှိနေတာက သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေနဲ့ သူ‌ဌေးသားသမီးတွေပဲ။ အဲ့တော့ လူကြီးတွေဘက် လှည့်လာတာ။ တချို့ဆို အသက်ကြီးမှ နိုင်ငံခြားထွက်သွားသူတွေတောင်ရှိတယ် “လို့  အမှတ်(၅)ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

မြန်အောင်မြို့ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်အထိ တိုးမြှင့် သတ်မှတ်ထားတဲ့ မြို့တမြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာပေါင်း ၄၉၄ ရွာ ရှိပါတယ်။ မြန်အောင်မြို့ ရဲ့ အမှတ် ၆ ရပ်ကွက် ဧရိယာထဲမှာ ခလရ ၅၁ တပ်ရှိနေပြီး ရပ်ကွက်ကျေးရွာတွေက စုဆောင်းထားတဲ့ အရပ်သားတွေကို  မြို့စောင့်တပ်အဖြစ်  ခလရ ၅၁ က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။