
TEPCO ကုမ္ပဏီဘက်က ဒေသခံတွေရဲ့ ထောက်ခံမှုရဖို့အတွက် လာမယ့် ၁၀ နှစ်အတွင်း ယန်းငွေ ဘီလီယံ ၁၀၀ ခန့် (ဒေါ်လာ ၆၄၁ သန်း) ကို ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးထားပေမဲ့ ဒေသခံ အများစုကတော့ စိုးရိမ်နေတုန်းပဲ ဖြစ်ပါတယ်။
၂၂၊ ဒီဇင်ဘာ။
၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ် ဖြစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံကို ပြန်လည်ပတ်ဖို့ နီအိဂါတာဒေသအစိုးရက
ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ
အတည်ပြုပေးတော့မှာပါ။
တိုကျိုမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၁၄၀ ခန့်မှာရှိတဲ့ ကာရှီဝါဇာကီ-ကာရီဝါစက်ရုံဟာ ချာနိုဘိုင်းပြီးရင် အဆိုးရွားဆုံးလို့ သတ်မှတ်ထားတဲ့ ဖူကူရှီးမား ငလျင်နဲ့ ဆူနာမီဘေးကြောင့် ပိတ်လိုက်ရတဲ့ ဓာတ်ပေါင်းဖို ၅၄ ခုထဲက တခုဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး ဂျပန်ဟာ အသုံးပြုလို့ရတဲ့ ဓာတ်ပေါင်းဖို ၃၃ ခုထဲက ၁၄ ခုကို ပြန်ဖွင့်ခဲ့ပြီး ပြည်ပက တင်သွင်းနေရတဲ့ လောင်စာတွေအပေါ် မှီခိုနေရတာကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပါတယ်။
ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံဟာ ပျက်စီးသွားတဲ့ ဖူကူရှီးမားစက်ရုံကို ဦးဆောင်စီမံခဲ့တဲ့ TEPCO ကုမ္ပဏီကနေ ပထမဆုံး ပြန်လည်ပတ်မယ့် စက်ရုံ ဖြစ်လာမှာပါ။
“ဒီလိုမတော်တဆမှုမျိုး နောက်တကြိမ် မဖြစ်စေရဘူး။ ဒေသခံတွေ စိုးရိမ်စရာမလိုအောင် လုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ကတိပေးပါတယ်”လို့ TEPCO ပြောရေးဆိုခွင့်ရှိသူ မာဆာကတ်ဆု တာကာတာက ပြောပါတယ်။
တကယ်လို့ ခွင့်ပြုချက်ရပြီဆိုရင်တော့ လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ ဓာတ်ပေါင်းဖို ခုနစ်ခုထဲက ပထမဆုံးတခုကို ပြန်စဖို့ TEPCO က စဉ်းစားနေတယ်လို့ NHK သတင်းဌာနက သတင်းထုတ်ပြန်ထားပေမဲ့ တိကျတဲ့အချိန်ကိုတော့ ကုမ္ပဏီဘက်က ထုတ်မပြောသေးပါဘူး။
TEPCO ကုမ္ပဏီဘက်က ဒေသခံတွေရဲ့ ထောက်ခံမှုရဖို့အတွက် လာမယ့် ၁၀ နှစ်အတွင်း ယန်းငွေ ဘီလီယံ ၁၀၀ ခန့် (ဒေါ်လာ ၆၄၁ သန်း) ကို ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးထားပေမဲ့ ဒေသခံ အများစုကတော့ စိုးရိမ်နေတုန်းပဲ ဖြစ်ပါတယ်။
အောက်တိုဘာလက ထုတ်ပြန်တဲ့ စစ်တမ်းအရ ဒေသခံ ၆၀ ရာခိုင်နှုန်းက စက်ရုံပြန်ဖွင့်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆနေကြသလို ၇၀ ရာခိုင်နှုန်းနီးပါးကလည်း TEPCO ရဲ့ စီမံခန့်ခွဲမှုအပေါ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အသက် ၅၂ နှစ်အရွယ် အာယာကို အိုဂါဟာ ၂၀၁၁ ခုနှစ်တုန်းက ဖူကူရှီးမားစက်ရုံနားကနေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်ပေါင်း ၁၆၀,၀၀၀ ထဲက တယောက်ပါ။ အခုတော့ သူဟာ နီအိဂါတာမှာ အခြေချနေထိုင်နေပါတယ်။ သူရဲ့ အိမ်ဟောင်းကတော့ ရေဒီယိုသတ္တိကြွမှုတွေရှိနေလို့ အစိုးရက ပိတ်ထားတဲ့ ၂၀ ကီလိုမီတာ ပတ်လည် ကန့်သတ်နယ်မြေထဲမှာ ကျန်ခဲ့တာဖြစ်ပါတယ်။
လယ်သမားလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ သူဟာ အခုဆိုရင် အိမ်ရှေ့တံခါးဝအထိ ရောက်လာတဲ့ ခြိမ်းခြောက်မှုသစ်ကို ဆန့်ကျင်ကန့်ကွက်နေပါတယ်။
“နျူကလီးယားအန္တရာယ် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ကျွန်မတို့ ကိုယ်တွေ့ပါ၊ အဲဒါကို ပေါ့ပေါ့ဆဆ သဘောမထားနိုင်ဘူး” လို့ သူက ပြောပါတယ်။ သူဟာ ဖူကူရှီးမားက အတိတ်ဆိုးကြောင့် စိတ်ဒဏ်ရာတွေ အခုထိ ခံစားနေရတုန်း ဖြစ်ပါတယ်။
ဒီနေ့ တနင်္လာနေ့မှာ လုပ်မယ့် မဲခွဲပွဲဟာ စက်ရုံပြန်ဖွင့်နိုင်ဖို့အတွက် နောက်ဆုံးအဆင့် လိုအပ်တဲ့ ဒေသတွင်း အတည်ပြုချက် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးက နျူကလီးယားကိစ္စကို ထောက်ခံထားသူဖြစ်လို့ လွှတ်တော်က မဲပေးလိုက်တာနဲ့ စက်ရုံပြန်လည်ပတ်ဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။
ဒီဓာတ်ပေါင်းဖိုတခုတည်းနဲ့တင် တိုကျိုဧရိယာရဲ့ လျှပ်စစ်လိုအပ်ချက် ၂ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကတော့ စွမ်းအင်လုံခြုံရေးအတွက် နျူကလီးယားပြန်ဖွင့်တာကို ထောက်ခံနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဂျပန်ဟာ လျှပ်စစ်ထုတ်ဖို့အတွက် ပြည်ပက လောင်စာတွေပေါ်မှာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အားကိုးနေရတာကြောင့်ပါ။
ပြီးခဲ့တဲ့နှစ်ကတင် သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး သွင်းကုန်အတွက် ဒေါ်လာ ၆၈ ဘီလီယံခန့် အကုန်အကျခံခဲ့ရပြီး ဒါဟာ ဂျပန်ရဲ့ စုစုပေါင်းသွင်းကုန် ကုန်ကျစရိတ်ရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိပါတယ်။
ဂျပန်မှာ လူဦးရေ လျော့နည်းလာပေမဲ့ AI ဒေတာစင်တာတွေ တိုးပွားလာတာကြောင့် ရှေ့လျှောက် လျှပ်စစ်လိုအပ်ချက်က ပိုများလာဖို့ပဲ ရှိနေပါတယ်။ ဒါကြောင့် ၂၀၄၀ မှာ နျူကလီးယားကနေ လျှပ်စစ်ထုတ်လုပ်မှုနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးဖို့ ဂျပန်က ရည်မှန်းလာတာဖြစ်ပါတယ်။
Ref – Reuters