
“တပ်ကလာတာဆိုတော့ သိတဲ့အတိုင်းပဲ၊ အကျင့်မကောင်းဘူးလို့ပဲ ရိုင်းရိုင်းပြောမယ်။ NLD ကို စော်ကားတာက အခုတကြိမ်တည်း မဟုတ်ပါဘူး၊ အရင်ကလည်း အဲလိုပဲ စော်ကားပြီး မဲဆွယ်နေတာ၊ မဲပေးရင် လူတိုင်းဝင်ငွေ ကောင်းအောင် လုပ်ပေးမယ် အဲလိုမျိုးတွေလည်း လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာ”
၁၉ ၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်း ဇလွန်မြို့နယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကိုယ်စားပြု ဝင်ပြိုင်မယ့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးမြတ်သူရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အသုံးပြုခဲ့တဲ့ စည်းရုံး ရေးဆောင်ပုဒ်တွေကို ဝေဖန်တိုက်ခိုက်ကာ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
ဦးမြတ်သူရဟာ ယခုရက်ပိုင်းအတွင်း ဇလွန်မြို့နယ်ထဲ ပြုလုပ်ခဲ့တဲ့ စည်းရုံးရေးဟောပြောပွဲတခုမှာ NLD ပါတီကို ပြောဆိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟောပြောချက်ရုပ်သံဖိုင်ကို သူ့ရဲ့ Facebook လူမှုကွန်ရက်မှာလည်း ဖော်ပြထား တာတွေ့ရပါတယ်။
“ဖေဖေနိုင်မှဖြစ်မယ်တို့၊ မေမေနိုင်မှ ဖြစ်မယ်တို့ လက်သီးလက်မောင်းတွေ ထောင်ပြီး အလကား၊ ကျွန်တော်တို့ ဒီအမျိုးတွေ ပြည် သူတွေ ဘယ်နှစ်ခါ နိုင်ဖူးလဲ၊ ဘယ်နှစ်ခါ နိုင်ဖူးလဲ၊ သူတို့တွေပဲ နိုင်သွားတာ၊ ပြည်သူ တခါမှ မနိုင်ဖူးဘူး၊ အဲဒီဂျင်းစ ကားလုံးတွေ၊ အဲဒီဂျင်းစကားလုံးတွေက ကျွန်တော်တို့ နပ်နေပြီ” ဆိုပြီး ဝေဖန်ပြောဆိုခဲ့တာပါ။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာလုယူပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က NLD ပါတီကို ဖယ်ထုတ်၊ ဖျက်သိမ်းကာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲမှာ ဦးမြတ်သူရက အဲဒီလို ဝေ ဖန်တိုက်ခိုက်တဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဦးမြတ်သူရဟာ NLD ပါတီက သုံးနှုန်းပြောဆိုခဲ့တဲ့ “အသည်းကြားက မဲတပြား”ဆိုတဲ့ စကားရပ်ကိုလည်း ဝေဖန်ခဲ့ပြီး ပြည်သူတွေအနေနဲ့ မဲပေးကြတဲ့အခါ ဦးနှောက်နဲ့ ရွေးချယ်ကြဖို့လိုတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
“အဲဒီထဲမှာ ထပ်ပြောသေးတယ်၊ အသဲကြားက မဲ တပြားတဲ့၊ ကိုယ်က မဲပေးတော့မယ်ဆိုရင် ဦးနှောက်ပဲ အဓိက၊ ဦးနှောက်၊ ကျွန်တော်တို့က ဦးနှောက်ရှိသူလူတွေလေ၊ ကိုယ် မဲပေးမယ့် ကိုယ်စားလှယ် နာမည်တွေပါမယ်၊ ကိုယ် မဲပေးမယ့် ကိုယ်စားလှယ်က ဒီကောင်က ဖောရှောလား၊ တကယ် အလုပ်လုပ်မယ့် ကောင်လား၊ ငါတို့ ခိုင်းလို့ရမယ့် ကောင်လား၊ ငါတို့ ဇလွန်ကရော ဟုတ်ရဲ့လား၊ ငါတို့ ဒေသကရော ဟုတ်ရဲ့လား၊ ဒီကောင်က အရင်အတွေ့အကြုံ ရော ရှိရဲ့လား၊ အဲဒီအကုန်လုံးကို စဉ်းစားဆုံးဖြတ်ပြီးမှ ပေးပါ” လို့ ပြောဆိုခဲ့တာပါ။
စစ်တက္ကသိုလ် DSA ကျောင်းဆင်းတဦးဖြစ်တဲ့ ဇလွန်သား ဦးမြတ်သူရဟာ ပြီးခဲ့တဲ့ ၂၀၁၅ အရပ်သားအစိုးရလက် ထက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်တဦးဖြစ်ခဲ့ပြီး စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ PPP ပါတီကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။
ဦးမြတ်သူရဟာ ဇလွန်မြို့နယ်အတွင်း စည်းရုံးရေးဟောပြောပွဲတွေ တောက်လျှောက်လုပ်နေပြီး ယခင်ဟောပြောပွဲ တွေမှာလည်း NLD အပါအဝင် တခြားသောပြိုင်ဘက်ပါတီတွေကို ပုတ်ခတ်ပြောဆိုတာ၊ ပြည်သူတွေကို မက်လုံး ပေးစည်းရုံးတာတွေ ရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တပ်ကလာတာဆိုတော့ သိတဲ့အတိုင်းပဲ၊ အကျင့်မကောင်းဘူးလို့ပဲ ရိုင်းရိုင်းပြောမယ်။ NLD ကို စော်ကားတာက အခုတကြိမ်တည်း မဟုတ်ပါဘူး၊ အရင်ကလည်း အဲလိုပဲ စော်ကားပြီး မဲဆွယ်နေတာ၊ မဲပေးရင် လူတိုင်းဝင်ငွေ ကောင်းအောင် လုပ်ပေးမယ် အဲလိုမျိုးတွေလည်း လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာ” လို့ ဇလွန်မြို့နယ်မှ သက်လတ်ပိုင်းအရွယ် လူကြီးတဦးက ပြောပါတယ်။
ဦးမြတ်သူရဟာ ဇလွန်မြို့နယ်အတွင်းက စည်းရုံးရေးဟောပြောပွဲတွေကို လူပိုရောက်စေဖို့ ဆန်၊ ဆီ စတဲ့ အ ထောက်အပံ့တွေ ပေးပြီး လာခိုင်းတာ၊ ဆွေမျိုးတွေနဲ့ အသိတွေဆီကနေတဆင့် အတင်းအကြပ်လာခိုင်းတာတွေ လည်း လုပ်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဘယ်ပါတီကိုမှ လူ စိတ်မဝင်စားဘူး။ ပါတီတွေ ဟောပြောပွဲလုပ်ရင်လည်း လူမရောက်ဘူး။ အတင်းခေါ်ထားကြရ တာ။ PPP ကတော့ အလှူတွေ လျှောက်လုပ်တာတွေ့တယ်။ တို့ကတော့ ဘယ်ပါတီမှ မဲမပေးဘူး၊ ကိုယ့်အကြိုက် ပါတီမှ မရှိတာ” လို့ ဇလွန်မြို့နယ်မှ လူမှုကူညီရေးလုပ်နေတဲ့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်သက် သက်ခိုင်ရဲ့ PPP ပါတီ၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ(PP)နဲ့ ကျားဖြူပါတီ(SNDP)တို့အပါအဝင် နိုင်ငံရေးပါတီ ၇ ခု ဝင်ပြိုင်ကြမှာဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ PPP ပါတီကတော့ စည်းရုံးပွဲတွေ အများဆုံးလုပ်နေကြတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။
ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။
တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။