
“ ကျွန်မကိုတင် မဟုတ်ဘူး ကျွန်မသိသလောက် သူတို့ဖိအားပေးလို့ရနိုင်တဲ့ နိုင်ငံရေးတက်ကြွသူတွေကို ဒီလိုမျိုး လုပ်နေတာ။ မိတ်ဆွေတယောက်ကိုဆို လက်ကမ်းစာစောင် မယူလို့ ဒါဟာ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ တရားစွဲလို့ရတယ်ဆိုတာမျိုး ပြောခံရတာတောင် ရှိတယ်ကြားတယ် ”
၁၉၊ ဒီဇင်ဘာလ။
ဧရာဝတီတိုင်း ညောင်တုန်းမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲလာပေးကြဖို့အတွက် ဈေးနဲ့ လူစည်ကားရာ နေရာတွေမှာ လက်ကမ်းစာစောင်ဖြန့်ဝေရင်း NLD အမာခံ တချို့ကို ရွေးကောက်ပွဲမှာ မဲလာပေးဖို့ ဖိအားပေးမှုတချို့ ပြုလုပ်ခဲ့ကြပါတယ်။
“ ကျွန်မတို့ကို မဲလာပေးပေါ့။ ကျွန်မတို့ နာမည်စာရင်းတွေ သူတို့ဆီမှာရှိတယ် ဘာလုပ်တဲ့သူတွေဆိုတာလည်း သိတယ်ပေါ့။ မဲလာပေးရင် ဒီတိုင်းလေးပဲ အေးအေးလူလူ ပိုနေမြဲ ကျားနေမြဲပဲ ဖြစ်မယ်ဆိုတာမျိုးပြောတယ် ” လို့ ညောင်တုန်းက ဈေးတခုမှာ အထည်ဆိုင်ဖွင့်ထားတဲ့ NLD ထောက်ခံသူ အမျိုးသမီးတဦးက DNA ကိုပြောပါတယ်။

ဒီလိုမျိုး ပြောတဲ့သူရဲ့ အမည်နဲ့ ရာထူးကို သေချာမသိပေမယ့် ညောင်တုန်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ အတူတူ လာရောက်ကြတဲ့သူတွေဖြစ်ကြပြီး “ ဒို့အတူတူ မဲပေးကြမယ်” ဆိုတဲ့ လက်ကမ်းစာစောင် ဖြန့်ဝေမှုကို လုပ်ဆောင်နေကြတဲ့သူတွေထဲက ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ညောင်တုန်းမြို့မှာ အလားတူ ဖြစ်ရပ်မျိုး အဖြစ် လမ်းကမ်းစာစောင် ဝေချိန်မှာ မသိချင်ယောင်ဆောင်ကြသူတွေ၊ စိတ်မဝင်စားကြသူတွေနဲ့ နိုင်ငံရေး ဒါမဟုတ် တော်လှန်ရေးနဲ့ ဆက်စပ် နာမည်ရှိသူတွေကို အခုလိုမျိုး ခြိမ်းခြောက် ပြောဆိုနေတာမျိုးတွေ ရှိနေတယ်လို့ မအူပင်မြို့နယ်မှာ နေထိုင်နေဆဲ ဖြစ်တဲ့ CDM တဦးက ရှင်းပြပါတယ်။
သူဟာ မကြာသေးခင်ကမှ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး ကျန်းမာရေးအရ ပြန်လည်ထူထောင်နေရဆဲ အခြေအနေမှာ ရှိနေသူဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ မဲလာပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျွန်မကိုတင် မဟုတ်ဘူး ကျွန်မသိသလောက် သူတို့ဖိအားပေးလို့ရနိုင်တဲ့ နိုင်ငံရေးတက်ကြွသူတွေကို ဒီလိုမျိုး လုပ်နေတာ။ မိတ်ဆွေတယောက်ကိုဆို လက်ကမ်းစာစောင် မယူလို့ ဒါဟာ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ တရားစွဲလို့ရတယ်ဆိုတာမျိုး ပြောခံရတာတောင် ရှိတယ်ကြားတယ် ” လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲပြီး တခြားနည်းမရှိပါ၊ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနဲ့ပဲ ဖော်ဆောင်နိုင်ပါတယ်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဧရာဝတီတိုင်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။
မဲစာရင်း ပထအကြိမ် ထုတ်ပြန်ကြေညာစဉ်ကလည်း ဧရာဝတီတိုင်းအတွင်းက ညောင်တုန်း၊ မအူပင်၊ ကျုံပျော်၊ ပုသိမ်နဲ့ လပွတ္တာ မြို့တွေမှာ နိုင်ငံရေးဆိုင်ရာ ဖိအားပေးလို့ရတဲ့သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးပြီး မဲစာရင်းကြည့်ခိုင်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။