အမေရိကန် ဦးဆောင်မယ့် ဖက်စပ်လုပ်ငန်းသစ်ကို TikTok လက်မှတ်ရေးထိုး

မူလပိုင်ရှင် ByteDance ကတော့ ၁၉.၉ ရာခိုင်နှုန်းသာ ဆက်လက်ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။

၁၉၊ ဒီဇင်ဘာ။

တရုတ်နည်းပညာကုမ္ပဏီ ByteDance ဟာ အမေရိကန်မှာ TikTok ကို ပိတ်ပင်တားဆီးမယ့် အရေးကို ရှောင်ရှားဖို့အတွက် အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ ဦးဆောင်မယ့် ဖက်စပ်လုပ်ငန်းသစ်တခု တည်ထောင်ဖို့ ဒီဇင်ဘာ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဆိုပါ သဘောတူညီမှု ခြေလှမ်းသစ်ဟာ အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ကျော်အတွက် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ မရေရာမှုတွေကို အဆုံးသတ်စေမယ့် မှတ်တိုင်တခုလည်း ဖြစ်လာခဲ့ပါတယ်။

TikTok USDS Joint Venture LLC လို့ အမည်ပေးထားတဲ့ အဆိုပါ လုပ်ငန်းသစ်မှာ Oracle၊ Silver Lake နဲ့ MGX စတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်တဲ့ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာ ၈၀.၁ ရာခိုင်နှုန်းကို အများစုပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

မူလပိုင်ရှင် ByteDance ကတော့ ၁၉.၉ ရာခိုင်နှုန်းသာ ဆက်လက်ပိုင်ဆိုင်တော့မှာဖြစ်ပြီး အဆိုပါ ပိုင်ဆိုင်မှု ခွဲဝေပုံတွေဟာ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ် ပိုင်ဆိုင်မှုလွှဲပြောင်းရေး ဥပဒေပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုထားပါတယ်။

အဆိုပါ ဖက်စပ်လုပ်ငန်းသစ်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်သွားမှာဖြစ်ပြီး အမေရိကန်သုံးစွဲသူတွေရဲ့ ဒေတာကာကွယ်ရေး၊ အယ်လ်ဂိုရစ်သမ် လုံခြုံရေးနဲ့ အကြောင်းအရာ စိစစ်တာတွေကို တိုက်ရိုက်စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီ Oracle က ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးမိတ်ဖက်အဖြစ် တာဝန်ယူကာ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ပြည်တွင်းမှာရှိနေတဲ့ အင်တာနက်ဆာဗာ Cloud စနစ်မှာ သိမ်းဆည်းစောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှုမှာ TikTok က အထောက်အကူပြုခဲ့ကြောင်း အသိအမှတ်ပြုထားပြီး အခု သဘောတူညီချက်ကို ထောက်ခံထားပေမဲ့ ဒီမိုကရက်တစ်တွေဘက်ကတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အထက်လွှတ်တော်အမတ် အဲလိဇဘက် ဝေါ်ရင်က အခုလုပ်ရပ်ဟာ ထရမ့်ရဲ့ ဘီလီယံနာသူငယ်ချင်းတွေအတွက် မသမာတဲ့ သဘောတူညီချက်နဲ့ လက်ဝါးကြီးအုပ်ခွင့် ပေးလိုက်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းမှာ အပြီးသတ်မယ့် အခုသဘောတူညီချက်ကြောင့် TikTok ဟာ အမေရိကန်စျေးကွက်မှာ ဆက်လက်ရပ်တည်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

Ref – Reuters