
ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးမယ့် အဆိုပါ လက်နက်ရောင်းချမှုကိစ္စဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိတယ်လို့ ပင်တဂွန်ကလည်း ပြောထားပါတယ်။
၁၈၊ ဒီဇင်ဘာ။
တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားပေးမှုတွေ မြင်ါတက်နေချိန် အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကျွန်းအတွက် သမိုင်းတလျှောက် အကြီးမားဆုံး လက်နက်ရောင်းချမှု လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေပါတယ်။
အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလီယံ တန်ဖိုးရှိတဲ့ အဆိုပါ လက်နက်ရောင်းချရေး အစီအစဉ်အတွက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
ထိုင်ဝမ်ဆီ လက်နက်ရောင်းချမယ့် ကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ထက် ဒုတိယမြောက် ကြေညာချက်ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်က သူတို့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်အစိုးရကို စစ်ရေးနဲ့ သံတမန်ရေးရာအရ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဆိုပြုထားတဲ့ လက်နက်ရောင်းချမှုအတွင်း ဟိုင်းမားစ်ဒုံးကျည်စနစ်တွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေ၊ တင့်ကားဖျက် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ စက်ပစ္စည်း အစိတ်အပိုင်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ပစ္စည်းအမျိုးအစား ရှစ်မျိုးအထိ ပါဝင်ကြောင်းကိုလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစောင်မှာ အသိပေးထားပါတယ်။
“ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အခြေခံအုတ်မြစ်နဲ့ လုံလောက်တဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေကို ထိန်းသိမ်းထားနိုင်ရေး၊ အားကောင်းတဲ့ ဟန့်တားနိုင်စွမ်းကို လျင်မြန်စွာ တည်ဆောက်နိုင်ရေးနဲ့ အချိုးမညီ စစ်ဆင်ရေး အားသာချက်တွေကို အသုံးချနိုင်ရေးတို့အတွက် အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ဆက်လက်ကူညီပံ့ပိုးနေပါတယ်”လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားထားပါတယ်။
လက်ရှိမှာ အဆိုပါ လက်နက်ရောင်းချမှု အစီအစဉ်ဟာ လွှတ်တော်ဆီ အသိပေးအကြောင်းကြားထားတဲ့ အဆင့်မှာရှိပြီး လွှတ်တော်အနေနဲ့ ဆန္ဒရှိပါက တားမြစ်တာ ဒါမှမဟုတ် ပြင်ဆင်တာတွေ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်အရေးဟာ အမေရိကန်လွှတ်တော်တွင်း ပါတီတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိထားတယ်လို့ သိရပါတယ်။
ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးမယ့် အဆိုပါ လက်နက်ရောင်းချမှုကိစ္စဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိတယ်လို့ ပင်တဂွန်ကလည်း ပြောထားပါတယ်။
ထိုင်ဝမ်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ကာရင် ကူအိုက ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ကာကွယ်ရေးအင်အားကို မြှင့်တင်ပြီး မိမိကိုယ်ကိုယ် ကာကွယ်မယ့် သန္နိဋ္ဌာန်နဲ့ စစ်ရေးစွမ်းရည် တည်ဆောက်ကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမယ်လို့ ကတိပြုထားပြီး အမေရိကန်ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင် က “အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ရင် အလျှော့ပေးစရာမရှိဘူး “လို့ ပြောထားပြီး ၂၀၂၆ ခုနှစ်ကနေ ၂၀၃၃ ခုနှစ်အထိ အသုံးပြုမယ့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးဆိုင်ရာ ဖြည့်စွက်ဘတ်ဂျက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့တဲ့ ဟိုင်းမားစ်လို လက်နက်တွေဟာ ကျူးကျော်လာမယ့် တရုတ်တပ်ဖွဲ့တွေကို ချေမှုန်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ကြောင်း အမေရိကန်-ထိုင်ဝမ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ မစ္စတာ ရူပတ် ဟမ်းမွန်-ချိန်ဘာစ်က သုံးသပ်ထားပါတယ်။