
“အစေ့ချတဲ့ဟာက ကျွန်တော်တို့အတွက် ဘာမှ အသုံးမဝင်ဘူး။ အရင်က နေကြာစိုက်ဖို့ဆိုပြီး မျိုးစေ့တွေနဲ့ အဲဒါ တွေပေးတာတွေ ရှိတယ်၊ အခုကကျတော့ ဒါတွေကို ရောင်းတယ်”
၁၅၊ ဒီဇင်ဘာ။
ကျုံပျော်၊ဘိုကလေး၊မြောင်းမြ၊မအူပင်မြို့နယ်တွေက လယ်သမားတွေဟာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ မျိုးစေ့ချစက်တွေကို တလုံးလျှင် နှစ်သိန်းခြောက်သောင်းခွဲဈေးနဲ့ မဝယ်မနေရ ဝယ်ယူနေရတဲ့အတွက် အခက်အခဲ ဖြစ်နေကြပါတယ်။

“ကျွန်တော်တို့ဆို သုံးဦးစပ် ဝယ်ရမယ်ပြောတယ်။ ဘာလို့ ဝယ်ရမှာလည်းဆိုတာလည်း မသိဘူး။ အထက်က ရောင်းခိုင်းလို့ရောင်းတာ မဝယ်ရင် ပြဿနာရှာခံဦးမယ့် ပုံစံမျိုးပဲ။ ခုထိတော့ ပစ္စည်းက မရောက်လာသေးပါဘူး။ ရောက်လာတာနဲ့ ဝယ်ရမယ်ပေါ့ အုပ်ကြီး ပြောထားတာ” လို့ ကျုံပျော်မြို့နယ်မှာ နေထိုင်တဲ့ လယ်သမားတဦးဖြစ် တဲ့ ဦးချစ်ဆွေက ပြောပါတယ်။
ဧရာဝတီတိုင်းအစိုးရဟာ အဲဒီမျိုးစေ့ချစက်တွေကို အရင်တုန်းကတော့ နေကြာစိုက်ဖို့အတွက်ဆိုပြီး တောင်သူ၊ လယ်သမားတွေကို အခမဲ့ ဖြန့်ဝေပေးခဲ့ရာကနေ အခုအခါ မဝယ်မနေရစနစ်နဲ့ ရောင်းချလာတာ ဖြစ်ပါတယ်။
“အစေ့ချတဲ့ဟာက ကျွန်တော်တို့အတွက် ဘာမှ အသုံးမဝင်ဘူး။ အရင်က နေကြာစိုက်ဖို့ဆိုပြီး မျိုးစေ့တွေနဲ့ အဲဒါ တွေပေးတာတွေ ရှိတယ်၊ အခုကကျတော့ ဒါတွေကို ရောင်းတယ်” လို့ ဦးချစ်ဆွေက ပြောပါတယ်။

ဒါ့အပြင် ဘိုကလေး၊ ရေကြည်မြို့နယ်တွေ အတွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေကိုလည်း အဲဒီလိုမျိုး မဝယ်မနေရ ရောင်းချနေတယ်လို့ သိရပါတယ်။
“ဒီမှာက ရောင်းနေပြီ၊ ဒီကောင်တွေက အသုံးလည်း မဝင်ဘူး၊ ဘာမှလည်း ကြံ့ခိုင်မှုမရှိပါဘူးဗျာ၊ ခဏလေးနဲ့ ပျက်သွားတာ။ အဲဒါကို နှစ်သိန်းခြောက်သောင်းခွဲနဲ့ ရောင်းတယ်။ မဝယ်လို့ မရဘူး” လို့ ဘိုကလေးမြို့နယ်မှ တောင်သူတဦးဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။
ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ နယ်ဘက်တွေ ကွင်းဆင်း ခရီးထွက်တဲ့ အခါတွေမှာ အဲဒီ မျိုးစေ့ချစက် အနည်းငယ်ကို ယူလာပြီး တောင်သူ၊ လယ်သမားတွေဆီ အခမဲ့ဖြန့်ဝေပေးလေ့ ရှိပေမယ့် သိပ်မကြာခင်မှာ ထွေအုပ်ဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် ရောင်းစားနေတာ ဖြစ်ပါတယ်။
“ရေကြည်မှာလည်း ရောင်းဖို့အသံတွေ ထွက်နေပြီ။ တင်မောင်ဝင်းကတော့ အလကားပေးတာပဲ။ ပြီးမှ ရောင်းစား ကြတာ” လို့ ရေကြည်ဒေသခံတဦးက ပြောပါတယ်။
အဲဒီ မျိုးစေ့ချစက်တွေဟာ ဘယ်ကုမ္ပဏီက ထုတ်တဲ့ ပစ္စည်းဖြစ်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် ဧရာဝတီတိုင်းအစိုးရ အနေနဲ့ ကုမ္ပဏီတခုခုနဲ့ ပေါင်းပြီး ရောင်းစားနေတာ ဖြစ်နိုင်ကြောင်း၊ အရင်နှစ်တွေကလည်း အဲဒီလို လယ်သမားတွေအတွက် တကယ်အသုံးမတည့်တဲ့ စက်ပစ္စည်းတွေ ရောင်းချခဲ့တာ ရှိကြောင်း ဟင်္သာတမြို့နယ်မှ လယ်သမား အရေးဆောင်ရွက်နေသူ တဦးက ပြောပါတယ်။
“ကုမ္ပဏီနဲ့ ပေါင်းပြီး လက်တလုံးခြား လုပ်စားနေတာ ဖြစ်မှာပေ့ါ၊ ဒီဘက်မှာတော့ ရောင်းတာ မရှိသေးဘူး၊ အရင်နှစ် တွေကတော့ အခြားစက်ပစ္စည်းတွေ ရောင်းခဲ့တယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း သုံးလေးခါလောက်ရှိပြီ အဲဒီလို စက်ပစ္စည်းတွေ ရောင်းတာ၊ မဝယ်မနေရ ဝယ်ကြရတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာလည်း အဲဒီလို စက်ပစ္စည်းတွေကို ကုမ္ပဏီနဲ့ ပေါင်းပြီး ရောင်းချတာ ရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ မဝယ်ချင်ရင် မဝယ်လို့ရတယ်လို့ ပြောကြပါတယ်။ “အရင်က မဝယ်ချင်လည်း မဝယ်ဘူး ငြင်းလို့ရတယ်၊ အခုက မရဘူး။ အခုက အကုန်လုံး ကြောက်နေရတဲ့ ခေတ်ဖြစ်နေတာကိုး၊ မရှိရင်လည်း အကြွေးယူ ဝယ်ကြရမယ့် အဖြစ်တွေ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ဧရာဝတီတိုင်း နည်းတူ အခြားတိုင်းနဲ့ ပြည်နယ်အတွင်းမှာလည်း အခုလိုမျိုး မျိုးစေ့ချကိရိယာ တွေကို အစောပိုင်းမှာ အခမဲဖြန့်ဝေပေးပြီး နောက်ပိုင်းမှာ မဝယ်မနေရစနစ်နဲ့ ရောင်းချတာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။