ကမ္ဘောဒီးယားဆီ လောင်စာဆီတင်ပို့မှု ကန့်သတ်ဖို့ ထိုင်းစဉ်းစားနေ

လက်ရှိ ဆွေးနွေးမှုမှာတော့ ကမ္ဘောဒီးယားဆီ လောင်စာဆီတင်ပို့မှု ပိတ်ပင်ရေး၊ မဟာဗျူဟာပစ္စည်းသယ် သင်္ဘောတွေကို စောင့်ကြည့်ရေးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

၁၅၊ ဒီဇင်ဘာ။

ထိုင်းစစ်တပ်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံဆီ လောင်စာဆီတင်ပို့မှုတွေကို ပိတ်ပင်တားမြစ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

နယ်စပ်ရေးရာ ပဋိပက္ခတွေ မြင့်တက်နေတဲ့ နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသစ်တခု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောပြီး နှစ်ရက်အကြာမှာ အခုလို ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့မေလက ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတခုအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခဲ့ရပြီး နောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲတွေအကြိမ်ကြိမ် ဖြစ်နေခဲ့တာပါ။

နှစ်နိုင်ငံ နယ်စပ်က လူပေါင်းသိန်းနဲ့ချီဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ လက်ရှိ ဆွေးနွေးမှုမှာတော့ ကမ္ဘောဒီးယားဆီ လောင်စာဆီတင်ပို့မှု ပိတ်ပင်ရေး၊ မဟာဗျူဟာပစ္စည်းသယ် သင်္ဘောတွေကို စောင့်ကြည့်ရေးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒ့ါအပြင် ကမ္ဘောဒီးယားဆိပ်ကမ်းအနီး ရေပြင်ကို အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ရေးတို့ကိုလည်း ထိုင်းစစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးနေတယ်လို့ ရေတပ်အရာရှိတဦးက တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လောလောဆယ်မှာတော့ ဒီအစီအမံတွေနဲ့ ပတ်သက်ပြီး အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး”လို့ ထိုင်းဘုရင့်ရေတပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နာရာ ခွန်ကိုသွန်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားဆီ ရေနံတင်ပို့မှုကို ဇွန်လကတည်းက ရပ်ဆိုင်းထားတယ်လို့ ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားဆီ လောင်စာဆီ လီတာပေါင်း ၂.၂ ဘီလီယံ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နှစ်နိုင်ငံကြား ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်ပိုင်းရှိ ထရတ်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်တဲ့ BM-21 ဒုံးကျည်တွေကြောင့် စစ်သားတဦးနဲ့ အရပ်သားတဦး သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းနိုင်ငံဟာ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ အပါအဝင် အရပ်ဘက် အဆောက်အအုံတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။ အဆိုပါ စွပ်စွဲချက်ကို ထိုင်းဘက်က ပြန်လည်တုံ့ပြန်ထားပြီး သူတို့အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref – Reuters