
အလုပ်အကိုင်ဗီဇာကြေးတွေ တိုးမြှင့်ကောက်ခံတာနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတာတွေ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန် အဆိုပါ အစီအစဉ် ထွက်ပေါ်လာတာပါ။
၁၁၊ ဒီဇင်ဘာ။
အနည်းဆုံး အမေရိကန်ဒေါ်လာ တသန်း ပေးသွင်းပြီး အမေရိကန်ဗီဇာ အမြန်ရနိုင်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။
အဆိုပါ အစီအစဉ်ကြောင့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေဟာ အမေရိကန်မှာ နိုင်ငံသားဖြစ်ခွင့်အထိပါ ရရှိနိုင်မှာဖြစ်ပါတယ်။
“ဒီကဒ်က အရည်အချင်းပြည့်မီပြီး စိစစ်အတည်ပြုထားသူတွေအတွက် နိုင်ငံသားဖြစ်ခွင့်ဆီကို တိုက်ရိုက်လမ်းကြောင်း ပေးပါလိမ့်မယ်။ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်တို့ရဲ့ အမေရိကန်ကုမ္ပဏီကြီးတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်၊ လူတော်တွေကို နောက်ဆုံးမှာ လက်လွှတ် မခံဘဲ ထိန်းသိမ်းထားနိုင်တော့မှာပါ”လို့ ထရမ့်က လူမှုကွန်ရက်မှာ ပြောထားပါတယ်။
အခုနှစ် အစောပိုင်းက ပထမဆုံး ကြေညာခဲ့တဲ့ ထရမ့်ရွှေကဒ် (Trump Gold Card) အစီအစဉ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ပေးစွမ်းနိုင်တယ်ဆိုတာ သက်သေပြနိုင်သူတွေကို ပေးအပ်မဲ့ အမေရိကန်ဗီဇာအမျိုးအစားလို့ ဆိုပါတယ်။
အလုပ်အကိုင်ဗီဇာကြေးတွေ တိုးမြှင့်ကောက်ခံတာနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတာတွေ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန် အဆိုပါ အစီအစဉ် ထွက်ပေါ်လာတာပါ။
ရွှေကဒ်အစီအစဉ်ဟာ အမေရိကန်မှာ နေထိုင်ခွင့်အတွက် “စံချိန်တင်အမြန်နှုန်း” နဲ့ ရရှိစေမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။
မိမိတို့ရဲ့ ဝန်ထမ်းတွေကို ထောက်ခံချက်နဲ့ ခေါ်ယူလိုတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ဒေါ်လာ နှစ်သန်းနဲ့ တခြား အပိုကြေးတွေကို ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထူးအခွန်သက်သာခွင့်တွေ ရရှိမယ့် ပလက်တီနမ် (platinum) ကဒ် အမျိုးအစားကိုလည်း ဒေါ်လာ ငါးသန်းနဲ့ မကြာမီ ရရှိနိုင်တော့မှာဖြစ်တယ်လို့ အစီအစဉ်ရဲ့ တရားဝင်ဝက်ဆိုက်ဘ်မှာ ဖော်ပြထားပါတယ်။
လျှောက်ထားသူ တစ်ဦးချင်းစီဟာ အခြေအနေပေါ်မူတည်ပြီး အစိုးရဆီပေးဆောင်ရမယ့် အပိုကြေးတွေ ရှိနိုင်ကြောင်းလည်း သိရပါတယ်။
အဆိုပါ ရွှေကဒ်အစီအစဉ်ကို ဖေဖော်ဝါရီလက ပထမဆုံး ကြေညာခဲ့ချိန်ကတည်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီမိုကရက်တစ်ပါတီဝင်တချို့က အစီအစဉ်ဟာ ချမ်းသာသူတွေကို မတရားသဖြင့် မျက်နှာသာပေးရာ ရောက်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
Ref – BBC