အာဖဂန်နဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်

၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာပြန်လည်ရရှိလာပြီးနောက်ပိုင်း မဟာမိတ်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား ဆက်ဆံရေးဟာ ပိုမို ဆိုးရွားလာခဲ့ကြတာပါ။

၆၊ ဒီဇင်ဘာ။

ဆော်ဒီမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ပြီးနောကခ တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပြီး အာဖဂန်နဲ့ ပါကစ္စတန် တပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွါးနေပါတယ်။

အာဖဂန်နစ္စတန်ရဲ့ ကန်ဒါဟာပြည်နယ်ထဲမှာ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၄ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ဒီဇင်ဘာ ၆ရက်နေ့မှာ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေ အာဏာပြန်လည်ရရှိလာပြီးနောက်ပိုင်း မဟာမိတ်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား ဆက်ဆံရေးဟာ ပိုမို ဆိုးရွားလာခဲ့ကြတာပါ။

သောကြာနေ့ ညသန်းခေါင်ယံအချိန် အဆိုပါ ပစ်ခတ်မှုအတွင်း  နှစ်နိုင်ငံစလုံး တဘက်နဲ့ တဘက်  စတင်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲချက်တွေ ရှိနေပါတယ်။

ပါကစ္စတန်တပ်ဖွဲ့ဝင်တွေဟာ ကန်ဒါဟာပြည်နယ်ရှိ စပင်းဘော်လ်ဒက် ခရိုင်ကို တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့လို့ အာဖဂန်တပ်ဖွဲ့ဝင်တွေက ပြန်လည်တုံ့ပြန်ခဲ့ရတာ ဖြစ်တယ်လို့ အာဖဂန် တာလီဘန် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှရစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချာမန်က နယ်စပ်တလျှောက်မှာ ရန်မစဘဲ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သူမှာ အာဖဂန်တပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

“ပါကစ္စတန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံဘေးကင်းရေးကို အာမခံနိုင်ဖို့အတွက် အပြည့်အဝ သတိရှိနေပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်နေတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ် ဇိုင်ဒီက ထုတ်ပြန်ချက်တခုမှာ အသိပေးထားပါတယ်။

အာဖဂန်ဘက်ခြမ်း နယ်စပ်မှာ နေထိုင်သူတွေက အပြန်အလှန်ပစ်ခတ်မှုဟာ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲခန့်မှာ စတင်ဖြစ်ပွားခဲ့ပြီး နှစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

ပါကစ္စတန်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်တွေကို မော်တာကျည်တွေ ထိမှန်ခဲ့တယ်လို့ ကန်ဒါဟာ ပြန်ကြားရေးဌာနမှူး အလီ မိုဟာမက် ဟက်မယ်လ်က AFP ကို မှတ်ချက်ပြုပါတယ်။

ပါကစ္စတန် တာလီဘန် (TTP) အပါအဝင် လက်နက်ကိုင်အဖွဲ့အများအပြားကို ကဘူးလ် (အာဖဂန်) က ခိုလှုံခွင့်ပေးထားတယ်လို့ အစ္စလာမ်မာဘတ် (ပါကစ္စတန်) ရဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၂၁ ခုနှစ် တာလီဘန်တွေ အာဏာပြန်ရချိန်က စပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား ဆက်ဆံရေး ဆိုးရွားခဲ့တာပါ။

TTP အဖွဲ့ဟာ ၂၀၀၇ ခုနှစ်ကစပြီး ပါကစ္စတန်နိုင်ငံကို ပစ်မှတ်ထားကာ စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အာဖဂန် တာလီဘန်တွေနဲ့ ဝါဒသဘောတရားချင်း တူညီသူတွေလို့ မကြာခဏ တင်စားခေါ်ဝေါ်လေ့ရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း အာဖဂန်နယ်စပ်အနီး၊ ပါကစ္စတန်နိုင်ငံအတွင်း လမ်းဘေး ဗုံးပေါက်ကွဲမှုတခုကြောင့် ပါကစ္စတန် ရဲအရာရှိ သုံးဦး သေဆုံးခဲ့ရပြီး အဆိုပါတိုက်ခိုက်မှုကို TTP က သူတို့ လက်ချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်က ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အဖြစ် အာဖဂန်နဲ့ ပါကစ္စတန် တာဝန်ရှိသူတွေ လက်မှတ်မထိုးမီအထိ နယ်စပ်နှစ်ဘက်စလုံး လူပေါင်း ၇၀ ခန့် သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့်

အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ကာတာ၊ တူရကီနဲ့ ဆော်ဒီအာရေဗျတို့ ဦးဆောင်ကျင်းပပေးခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ အဆိုပါ သဘောတူညီချက်နောက်ပိုင်း ဆက်တိုက်ဆိုသလို မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က ဆော်ဒီအာရေဗျမှာ ကျင်းပခဲ့တဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲတွေဟာလည်း အဖြေတစုံတရာ မထွက်ပေါ်ခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။

Ref – aljazeera