ဖိုးမောင်ပြန်လာပြီ တိုက်မောင်းထွက်သွားပြီ

တိုက်မောင်းဘယ်သွားလဲပြောကြပါဦး

တိုက်မောင်းကို ဘယ်ကိုပို့ခဲ့သလဲ ပြောပြပါဦး။

တိုက်မောင်းက လမ်းတွေအများကြီးလျှောက်ခဲ့တာ

တိုက်မောင်းက လမ်းတွေအများကြီးဖောက်ခဲ့တာ

အခု တိုက်မောင်းက လမ်းပျောက်သွားတယ်တဲ့လား။

တရားစောင့်နတ်ရေ….

တိုက်မောင်းကိုပြန်ခေါ်ကြပါ တိုက်မောင်းကိုပြန်ခေါ်ပေးပါ။

၃၊ ဒီဇင်ဘာလ။

“ ကိစ္စတွေအ များကြီးကြားထဲမှာ ပျောက်မသွားစေချင်ဘူး။ ဒီကိစ္စဟာလည်း အရေးကြီးတဲ့ ကိစ္စ၊ အရေးကြီးတဲ့ ပြဿနာဖြစ်တယ်ဆိုတာ သိထားကြစေချင်တယ် ”လို့ မကေ ကပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတခုမှာ ထောက်/ပို့ တာဝန်ထမ်းဆောင်နေတဲ့ မကေ က ရဲဘော်ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်း ပျောက်ဆုံးနေရခြင်းနဲ့ ပတ်သက်ပြီး သူ့ဆန္ဒကို အခုလို ပြောပြခဲ့တာပါ။

(ရဲဘော်ကာချုပ် (ခ) တပ်စုမှူးတိုက်မောင်းကို ဆောင်းပါးရဲ့နောက်ပိုင်းမှာ ရဲဘော် ကာချုပ်လို့သာ အသုံးပြုသွားပါမယ်)

ခင်မင်ရင်းနှီးကြသူတွေက “ကာချုပ်” လို့ ခေါ်ဝေါ်မှုပြုကြတဲ့ ရဲဘော်ကာချုပ်ဆိုတာ ဘယ်သူလဲ။ ဘယ်လိုပျောက်ဆုံးနေခဲ့တာလဲ။ ဘာဆက်ဖြစ်နေပြီလဲ။

—-

“ သူက အရင်ကတည်းက နိုင်ငံရေးကို ထဲထဲဝင်ဝင် စိတ်ဝင်တစား လေ့လာသူတယောက်၊ အမေစုကို လေးစား ချစ်ခင်သူ တယောက်၊ ပညာ‌ရေးကောင်းမှ နိုင်ငံရေးကောင်းမယ်လို့ လက်ခံထားသူတယောက်ပါ ” လို့ သူနဲ့ညီအစ်ကို အရင်းလို နေထိုင်ခဲ့တဲ့ ရဲဘော် မင်းဘုဏ်းလူက ဆိုပါတယ်။

ရဲဘော် ကာချုပ်နဲ့ ရဲဘော် မင်းဘုဏ်းလူတို့ဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ပညာရေးဌာနက ဝန်ထမ်းတွေဖြစ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူ တယောက်ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ အစိုးရရဲ့ မတရားတဲ့ သတ်မှတ်ချက်တခုကို ဆန့်ကျင်တောင်းဆိုဖို့အတွက် “လုပ်ငန်းခွင်မပြတ် ဖဲကြိုးနက်” လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့သူတဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုလူဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပြီး CDM ပြုလုပ်ခဲ့ကြသလို ဒီနောက်မှာတော့ မိသားစုကို စွန့်ခွာခဲ့ကြပြီး လက်နက်ကိုင်လမ်းစဉ်ကသာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ရင်း မြန်မာနိုင်ငံတောင်ပိုင်းကို စစ်ရေးလေ့ကျင့်ဖို့အတွက် သွားရောက်ခဲ့ကြ ပါတယ်။

“ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို မတရားဖမ်းဆီး အာဏာလုယူတာသည် သူခိုးဓါးပြသာဖြစ်တယ်၊ အာ့လိုလူတွေကို ထောက်ခံတဲ့သူတွေကလည်း သူခိုးဓါးပြအားပေးတွေသာ ဖြစ်တယ်လို့ သူပြောခဲ့တယ် ” လို့ ရဲဘော် မင်းဘုဏ်းလူက ရဲဘော်ကာချုပ်ပြောခဲ့တဲ့ စကားတွေထဲက မှတ်မှတ် ရရ ဖြစ်နေခဲ့တဲ့ စကားတခွန်းကို ပြန်ပြောပြပါတယ်။

ဒီနောက်မှာတော့ သူတို့နှစ်ယောက် လူချင်းကွဲသွားခဲ့ကြပါတယ်။

“ ကာချုပ်က အရက်ကြိုက်တယ်။ ဒါပေမယ့် လူယဉ်ကျေး ဘယ်တုန်းကမှ မူးလို့ဆိုပြီး မရိုင်းဘူး၊ ရန်မဖြစ်ဘူး ” လို့ မကေ က ဆိုပါတယ်။

မကေ ဟာ ရဲဘော်ကာချုပ်ရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းမှာ ရဲဘော်ကာချုပ်နဲ့ အတူတူ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်ခဲ့သူဖြစ်ပြီး တော်လှန်ရေးကာလတလျှောက် ရဲဘော်ကာချုပ်ရဲ့ အနိမ့်အမြင့် ဖြစ်စဉ်တွေကို မြင်တွေ့ခဲ့သူ ဖြစ်ပါတယ်။

ဒေါနစစ်ကြောင်းမှာ တပ်စုမှူး တာဝန်၊ နောက် တပ်ရေးဗိုလ်ကြီးတာဝန်တွေ ထမ်းဆောင်နေရင်း တဖက်မှာလည်း သူဝါသနာပါတဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း တပ်ရင်းအတွက် ဘဏ္ဍာငွေရှာဖွေမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

သူဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေထဲမှာ ဖိုးမောင်ပြန်လာပြီ၊ ကောက်ကြောင်း၊ တော်လှန်ရေးထဲက အလွဲများ စတဲ့ ရုပ်သံဇာတ်လမ်းတွေဟာ တော်လှန်ရေး အင်အားစုတွေထဲမှာ လူသိများခဲ့တဲ့ ဖန်တီးထုတ်လုပ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ပညာရေးဝန်ထမ်းတဦးဖြစ်ခဲ့တာကြောင့် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာနတွေ၊ တပ်ရင်းတွေအ ချင်းချင်းကြား ပြောဆိုဆက်ဆံရတဲ့ နေရာတွေမှာ စနစ်တကျရှိသလို ရဲဘော်တွေရဲ့ သာရေးနာရေး ကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးနိုင်တာကြောင့် တပ်ရင်းတခုလုံးက ချစ်ခင်ကြတဲ့ သူတယောက်လည်း ဖြစ်တယ်လို့ မကေ က ဆိုပါတယ်။

“ ကာချုပ်က ရိုးသားတယ်။ တော်လှန်ရေးခံယူချက်လည်း မှန်တယ်။ မတရားမှုဆိုလည်း ငါ့လူမို့ကာလိုက်မယ် ဆိုတာမျိုးမရှိဘူး အဲ့လိုလူစားမျိုး ” လို့ မကေ က စကားကို  ဖြည့်စွက်ပြောပါတယ်။

တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း ရှေ့တန်းထွက်ရမယ့် သူ့ရဲ့ရဲဘော်တွေအတွက် သူယုံကြည်ရာ မြတ်စွာဘုရားထံ ပန်းရေချမ်းကပ်လှူခြင်းကို အမြဲမပြတ် ပြုလုပ်ခဲ့သူပါ။

ရဲဘော်ကာချုပ်ဟာ မိခင်တပ်ရင်းနဲ့ သဘောထားတချို့ မတိုက်ဆိုင်တော့တာကြောင့် ၂၀၂၅ ခုနှစ်ထဲမှာ MOD လက်အောက်မှာပဲရှိတဲ့ အထူးတိုင်း စစ်ဌာနရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းကို ပြောင်းရွေ့ခဲ့ပါတယ်။

—–

ဒီစစ်သုံ့ပန်းထိန်းသိမ်း‌ရေးစခန်းမှာလည်း ရဲဘော်ကာချုပ်ဟာ သုံ့ပန်းတွေထဲက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုတဲ့သူတွေကို သင်တန်းပြန်ပေးပြီး တပ်စုမှူး တာဝန်ကို ပြန်လည်ထမ်းဆောင်ခဲ့ပါ သေးတယ်။

ဒီလိုတာဝန်ထမ်းဆောင်နေရင်း KNU/KNLA က ဗိုလ်သာလော ဦးဆောင်တဲ့ တပ်ရင်းကနေ ကော့ကရိတ်တိုက်ပွဲမှာ စစ်အင်အားဖြည့်ဖို့ဆိုပြီး ရဲဘော်ကာချုပ်ပါဝင်တဲ့ တပ်ခွဲကို စက်တင်ဘာလထဲမှာ လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့ နောက်ပိုင်းမှာတော့ ရဲဘော်ကာချုပ်နဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး ဘယ်သတင်းကိုမှ အတည်မပြုနိုင်ပဲနဲ့ ပျောက်ဆုံးသွားခဲ့တဲ့ အနေအထား ဖြစ်ပေါ်လာခဲ့ပါတယ်။

“ ဖိုးမောင်ပြန်လာပြီ တိုက်မောင်းထွက်သွားပြီ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း တာဝန်ခံ သားနတ်ရှင်နောင်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရဲဘော်ကာချုပ်နဲ့ အတူထိုင်နေတဲ့ ဓာတ်ပုံနဲ့အတူ ကဗျာတပုဒ် ပို့စ်တင်ထားပါတယ်။

ဘော့ဒိုင်းမှာတုန်းက

အရက်သောက်လို့အပြစ်ပေးခံရရင်တို့နှစ်ယောက်

ညညဆို ဘားတိုက်နောက်က ​မြက်ခင်းမှာ

ကြယ်တွေကောက်ခဲ့ဖူးကြတယ်။

ကဗျာတွေရွတ် သီချင်းတွေဆို

ငိုတဲ့အခါလည်း ငိုခဲ့ကြ။

ခေါင်ရည်တစ်ခွက်နဲ့ သီချင်းရေးတဲ့ကောင်ရယ်

ရှမ်းမလေး တစ်ကျိုက်နဲ့ ဒါရိုက်တာလုပ်တဲ့ကောင်ရယ်

ဟုတ်နေရော ဟုတ်နေရော။

တပ်ခွဲမှူးလုပ်ခဲ့ဖူးတာနဲ့ပဲ

ဘယ်အချိန်တွေ့တွေ့ ငါ့ကို အလေးပြုတဲ့ ငါ့ကောင်

ခင်​ဗျားရင်ဘတ်က တကယ့်အဖြူထည်ကြီးပဲ။

အနှိမ်ခံရဲဘော်လေးဖိုးမောင်ကို ခင်ဗျားခေါ်လာတော့

အညတရကောင်းကင်ကြီးမှာ ထိန်ထိန်သာလို့။

ဖိုးမောင်ကိုခေါ်လာပြီး

ခင်ဗျားက ဘယ်သွားနေတာလဲတိုက်မောင်းရေ။

တစ်ခုခုဆို သူများထက်ပိုခံစားကြ ခံစားရ

ခင်ဗျားက CDM လုပ်ပြီးခံစားတယ်

ကဗျာရေး၊စာရေး၊ဗီဒီယိုရိုက် ခံစားတယ်

စစ်သားလုပ်ပြီးခံစားတယ်

ခုရောခင်ဗျား ဘယ်လောက်ခံစားလိုက်ရသလဲ

ဘယ်သူသိသလဲ ပြောကြပါဦး။

တိုက်မောင်းဘယ်သွားလဲပြောကြပါဦး

တိုက်မောင်းကို ဘယ်ကိုပို့ခဲ့သလဲ ပြောပြပါဦး။

တိုက်မောင်းက လမ်းတွေအများကြီးလျှောက်ခဲ့တာ

တိုက်မောင်းက လမ်းတွေအများကြီးဖောက်ခဲ့တာ

အခု တိုက်မောင်းက လမ်းပျောက်သွားတယ်တဲ့လား။

တရားစောင့်နတ်ရေ….

တိုက်မောင်းကိုပြန်ခေါ်ကြပါ တိုက်မောင်းကိုပြန်ခေါ်ပေးပါ။

တပ်စုမှူး တိုက်မောင်း ဆိုတဲ့ ရဲဘော်ကာချုပ်နဲ့ ပတ်သက်ပြီး DNA ရဲ့ မေးမြန်းမှုကို သားနတ်ရှင်နောင် က “ သေချာတာကတော့ ကာချုပ်အသက်မရှင်တော့ဘူး ” လို့ပဲ ခပ်တိုတို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရဲဘော်ကာချုပ်ရဲ့ ပျောက်ဆုံးမှုမှာ ရဲဘော် ပလာတူး ဆိုတဲ့ အခြားရဲဘော်တဦးလည်း အတူပါဝင်နေပြီး သူတို့ဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး သေဆုံးသွားခဲ့ပြီ၊ စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့ပြီ၊ ရှေ့တန်းမှာ အရက်သောက်ပြီး ရန်ဖြစ်လို့ ဗိုလ်သာလောအမိန့်နဲ့ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးရာမှာ လက်လွန်ပြီး သေဆုံးသွားခဲ့ပြီ ဆိုတဲ့ သတင်းတွေဟာလည်း ဆက်တိုက်ပြန့်နှံ့နေခဲ့ပါတယ်။

ရဲဘော် ကာချုပ်နဲ့ အလုပ်ကိစ္စတွေ ဆက်သွယ်လုပ်ဆောင်ခဲ့ဖူးတဲ့ အမည်မဖော်လိုသူ တပ်ရင်းမှူး တဦးက “ သူ့လိုမျိုး လူချစ်လူခင်များတဲ့ လူသိများတဲ့ သူမျိုးတောင် ဒီလိုမျိုး လုပ်ခံရတယ်ဆိုရင် အများကြီး မတွေးချင်ဘူး။ ကျွန်တော်တို့ဟာ မတရားမှုကို ဆန့်ကျင်နေကြတာဆိုတာကို မမေ့ကြပါနဲ့လို့ပဲ ပြောချင်တယ် ” လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါနစစ်ကြောင်းမှာ အတူတာဝန်ထမ်းဆောင်ခဲ့ကြသူတွေ၊ စစ်သုံ့ပန်းစခန်းကတာဝန်ရှိသူတွေနဲ့ အခြေခံပညာရေးလုပ်သား သမဂ္ဂများ အဖွဲ့ချုပ် တိုက်ပွဲဦးဆောင် ကော်မတီ(FBEWU) စတဲ့ အဖွဲ့အစည်းတွေက MOD နဲ့ KNU/KNLA ကို စာပို့ပြီး အဖြစ်မှန်ကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ဒီတောင်းဆိုမှုတွေဟာ ရက်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ တစုံတရာ တုန့်ပြန်မှု မရသေးပါဘူး။

ဒါအပြင် ရဲဘော်ကာချုပ်နဲ့ အတူတူ ထွက်သွားခဲ့ကြတဲ့ တပ်ခွဲထဲက တခြားသော ရဲဘော်တွေနဲ့လည်း အဆက်သွယ် မရရှိဘူးလို့ သက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ ကျွန်တော်တို့က တိုက်ပွဲမှာ ကျတယ်ဆို ဘယ်တိုက်ပွဲမှာကျတယ်။ လက်လွန်ပြီး ဆုံးသွားတယ်ဆိုလည်း ဘော်ဒီဘယ်မှာရှိတယ်ပေါ့ ဖြစ်စဉ်ကဘာလဲပေါ့။ မတရားဘူးဆိုရင် တရားမျှတမှုကိုရှာပေးပေါ့ ဒါလေးပဲ လိုချင်တာ ” လို့ ရဲဘော် မင်းဘုဏ်းလူက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘိုကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က MOD ကို လွှတ်တော်ကိုယ်စားလှယ် တဦး အနေနဲ့ အခြေအနေမှန်ကို စုံစမ်းစိစစ် ထုတ်ပြန်ပေးဖို့ စာပေးပို့ သွားမယ်လို့ DNA ကိုဖြေဆိုထားပါတယ်။

KNU/KNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးကို DNA က ဆက်သွယ်ခဲ့ပေမယ့် အခြားသော သတင်းဖြစ်ရပ်တွေကို ပြန်လည်ပေးပို့ပေးခဲ့ပြီး ရဲဘော်ကာချုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုတော့ ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဗိုလ်သာလော နဲ့တော့ အဆက်သွယ်မရရှိသေးပါဘူး။

ရဲဘော်ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်းကတော့ ကောလာဟလတွေ အများကြီးနဲ့ အဖြစ်မှန်ရော လူရော ပျောက်ဆုံးနေဆဲပါပဲ။