
ဆာမာရူးမီးတောင်ရဲ့ မြေအောက်လှုပ်ရှားမှုဟာ မြင့်မားနေဆဲဖြစ်ကြောင်း ဘူမိဗေဒအေဂျင်စီက တိုင်းတာရရှိပါတယ်။
၂၀၊ နိုဝင်ဘာ။
အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ ဂျာဗားကျွန်းပေါ်က မီးတောင်တစ်လုံးဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၉) က ပေါက်ကွဲခဲ့တာကြောင့် ကောင်းကင်မှာ ပြာမှုန်တွေနဲ့ ဓာတ်ငွေ့တွေ မိုင်ပေါင်းများစွာအထိ ဖြစ်ပေါ်စေခဲ့ပြိး တာဝန်ရှိသူတွေဟာ အရေးပေါ် သတိပေးချက်အဆင့်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အကြား ရေပန်းစားတဲ့ ဘာလီကျွန်းရဲ့ အနောက်ဘက် ၃၁၀ ကီလိုမီတာခန့် အကွာ၊ အရှေ့ဂျာဗားရှိ ဆာမာရူးမီးတောင်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၃ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး အလွန်ပူပြင်းတဲ့ မီးတောင်ပြာပူနဲ့ ဓာတ်ငွေ့ စီးကြောင်းတွေ မှုတ်ထုတ်ခဲ့ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီ အကြီးအကဲ မိုဟာမက် ဝါဖစ်က ပြောပါတယ်။
“မီးတောင်ပေါက်ကွဲရာကနေ လွင့်စင်လာမယ့် ကျောက်တုံးတွေ ထိမှန်နိုင်တဲ့ အန္တရာယ်ရှိလို့ ဆာမာရူးမီးတောင်ထိပ်ဝ (ဒါမှမဟုတ်) မီးတောင်ဝရဲ့ ရှစ်ကီလိုမီတာ ပတ်လည်အတွင်း သွားလာလှုပ်ရှားမှုတွေ မပြုလုပ်ကြဖို့ ပြည်သူလူထုကို အကြံပြုထားပါတယ်”လို့ သူက ကြေညာချက်မှာ အသိပေးထားပါတယ်။
ဆာမာရူးမီးတောင်ရဲ့ မြေအောက်လှုပ်ရှားမှုဟာ မြင့်မားနေဆဲဖြစ်ကြောင်း ဘူမိဗေဒအေဂျင်စီက တိုင်းတာရရှိပါတယ်။
အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရတာ ဒါမှမဟုတ် ထိခိုက်သေဆုံးမှု ရှိတာတွေ လတ်တလောမှာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဘာလီရဲ့ ငူရာရိုင် လေဆိပ်ရဲ့ တာဝန်ရှိသူတွေကတော့ လေယာဉ်ခရီးစဉ် အချိန်ဇယားတွေကို လက်ရှိအချိန်အထိ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆာမာရူးမီးတောင် ပေါက်ကွဲမှုတစ်ခုမှာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပြီး နေအိမ် ၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ လူဦးရေ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့မြေထုချပ်တွေ ဆုံတဲ့ နေရာတခုဖြစ်ပြီးမီးတောင်နဲ့မြေငလျင်လှုပ်ရှားမှုတွေ ပြင်းပြင်းထ န်ထန် မကြာခဏဖြစ်ပေါ်လေ့ရှိတဲ့ ပစိဖိတ်မီးကွင်းဒေသပေါ်မှာ တည်ရှိပါတယ်။
အဆိုပါ အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံမှာ သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင်ပေါင်း ၁၃၀ နီးပါး ရှိပါတယ်။
Ref – AFP