ရှားလော့မြို့မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးက လူ ၈၀ ကျော်ကို ဖမ်းဆီး

အခုလို အစုလိုက်အပြုံလိုက် နှင်ထုတ်တာတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နေတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပြည်တွင်းမူဝါဒ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

၁၇၊ နိုဝင်ဘာ။

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့မြို့မှာ အခုသီတင်းပတ်ကုန်အတွင်း ဖက်ဒရယ်အေးဂျင့်တွေဟာ အနည်းဆုံး လူ ၈၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။

ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နှိမ်နင်းမှုတွေ ပိုမိုမြင့်တက်လာပြီး ရှားလော့မြို့မှာ လူအများအပြား အဖမ်းခံနေရသလို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြားက ဖက်ဒရယ်အေးဂျင့်တွေဟာ ဘုရားကျောင်းတွေနား၊ အိမ်ရာတွေနားအထိပါ ဝင်ရောက်ဖမ်းဆီးနေကြတာပါတယ်။

လူဝင်မှုကြီးကြပ်ရေး အရာရှိ ဂရီဂိုရီ ဘိုဗီနိုက ရှားလော့မြို့မှာ သူ့ရဲ့ ပထမဆုံးစစ်ဆင်ရေးနေ့ ငါးနာရီအတွင်းမှာပဲ လူအများအပြားကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေဟာ ရာဇဝတ်မှု မှတ်တမ်းတွေ ရှိခဲ့သူတွေဖြစ်တယ်လို့ လူမှုမီဒီယာကနေ ထုတ်ဖော်ပြောထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးရဲ့ နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက သက်ဆိုင်ရာဌာနတွေကို မေးမြန်းခဲ့ပေမဲ့ ဘယ်ဌာနကမှ ချက်ချင်း တုံ့ပြန်ဖြေကြားတာတွေ မရှိခဲ့ဘဲ အဆိုပါဌာနတွေကို ကြီးကြပ်တဲ့ အမိမြေလုံခြုံရေးဌာနကလည်း တုံ့ပြန်တာတွေ မရှိခဲ့ပါဘူး။

အခုလို အစုလိုက်အပြုံလိုက် နှင်ထုတ်တာတွေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နေတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပြည်တွင်းမူဝါဒ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီဝင် ထရမ့်အနေနဲ့ သူရာထူးစတင် ထမ်းဆောင်ပြီးနောက် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေဟာ ဒီမိုကရက်တစ်ပါတီဝင်တွေ အများစု အုပ်ချုပ်တဲ့ မြို့ကြီးတွေအပြင် ရီပတ်ဘလစ်ကန်ပါတီဝင်တွေရှိတဲ့ ကျေးလက်ဒေသတွေအထိပါ ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်နေကြတာပါ။

ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံသားတွေဟာလည်း တရားမဝင်နေထိုင်သူတွေကို လိုက်လံဖမ်းဆီးနေတဲ့ အေးဂျင့်တွေနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်နေရပါတယ်။

လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေဟာ ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားအများအပြားကို စီးနင်းမှုတွေအတွင်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့  စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Ref – Reuters