၁၈၊အောက်တိုဘာ
လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။
🔹 စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိုပယ်ချဖို့SAC-Mထုတ်ပြန်
🔹 အာရှဖလားကိုဒုတိယအကြိမ်ယှဥ်ပြိုင်ခွင့်ရခဲ့တဲ့မြန်မာယူ-၁၇အမျိုးသမီးဘောလုံးအသင်း
🔹 သီပေါမြို့ကို စစ်တပ်ပြန်ထိန်းချုပ်
🔹 ရွေးကောက်ပွဲကိုမယုံကြည်လို့ အီးယူကစောင့် ကြည့်ရေးအဖွဲ့ မလွှတ်
🔹 ငလျင်လှုပ်ခတ်လို့ ထိတ်လန့်ခဲ့တဲ့ ရန်ကုန်က ပြည်သူတွေ
🔹 စစ်တပ်က ပြုလုပ်မယ့်ရွေးကောက်ပွဲကို ပယ်ချဖို့SAC-Mထုတ်ပြန်
အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချဖို့မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာပါတယ်။
ဒီလိုလုပ်ဆောင်တာဟာအာဆီယံအနေနဲ့စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း လုပ်ဆောင်ဖို့ နောက်ဆုံးအခွင့်အရေးတခု ဖြစ်တယ်လို့လည်းအောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော် ဆောင်ဖို့ ပျက်ကွယ်ခဲ့တာဟာ အာဆီယံရဲ့ ကျရှုံးမှုအဖြစ် ဝန်ခံရမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးပွားလာစေတာ၊ အဖွဲ့ဝင်နိုင်ငံတွေကြား အနာဂတ်ကာလမှာ စစ်အာဏာ သိမ်းမှု ပေါ်ပေါက်လာစေဖို့ခွင့်ပြုစေသလိုဖြစ်တာ၊ ပြည်သူ တွေကိုသတ်ဖြတ်နေမှုကို လျစ်လျူခဲ့တာတွေနဲ့အတူ အာဆီယံအနေနဲ့ အဖွဲ့အတွင်း အရေးကြီးတဲ့ ဆုံးဖြတ်မှုတွေကို ဦးဆောင် ထိန်းချုပ်ဖို့ ဩဇာမရှိတော့တာတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြပါထားပါတယ်။
ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ကဆစ်ပီရမ် ယာ၊ ဖိလစ်ပိုင်တရားရေးဌာန အတွင်းရေးမှူးဟောင်း၊ အထက်လွှတ်တော် အမတ်ဟောင်း၊ဖိလစ် ပိုင်အောက်လွှတ်တော် လက်ရှိအဖွဲ့ဝင်တို့နဲ့ (SAC-M) အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်ပြန်လိုက်တာပါ။
🔹 အာရှဖလားကိုဒုတိယအကြိမ်ယှဥ်ပြိုင်ခွင့်ရခဲ့တဲ့မြန်မာယူ-၁၇အမျိုးသမီးဘောလုံးအသင်း
ရန်ကုန်မြို့မှာအောက်တိုဘာ၁၇ရက်ကပြုလုပ်ခဲ့တဲ့ ၂၀၂၆ အာရှဖလား ယူ၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲမှာမြန်မာအသင်းဟာအင်ဒိုနီးရှားအသင်းကို၁-၀နဲ့အနိုင်ရခဲ့ပါတယ်။ဒါကြောင့်မလို့မြန်မာအမျိုးသမီး ယူ-၁၇ အသင်းက တရုတ်မှာ ကျင်းပမယ့် ၂၀၂၆ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
အင်ဒိုနီးရှားအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဥ်မှာ အကောင်းဆုံးကစားသမားဆုကိုလည်း မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းခေါင်းဆောင် ပင်မြင့်ယံကရရှိခဲ့တာပါ။
မြန်မာအသင်းက အုပ်စုတွင်းမှာအင်ဒိုနီးရှားအသင်း ကို၁-၀၊မကာအိုအသင်းကို၇-၀ ရလဒ်နဲ့ အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
မြန်မာယူ-၁၇အသင်းဟာ ၂၀၀၉ခုနှစ် အာရှဖလားဝင်ပြိုင်ခွင့်ရပြီးနောက် သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ခြေစစ်ပွဲအောင်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၀၉ အာရှယူ-၁၇ဖလားမှာတော့ မြန်မာယူ-၁၇ အမျိုးသမီးအသင်းဟာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။
၂၀၂၆ အမျိုးသမီးအာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ဧပြီလ ၃၀ရက်ကနေ မေလ ၁၇ရက် အထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် တရုတ်အသင်းအပါအဝင် အသင်း ၁၂သင်းပါဝင်မှာဖြစ်ပါတယ်။
🔹 သီပေါမြို့ကို စစ်တပ်ပြန်ထိန်းချုပ်
TNLAကသိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်ထိန်းချုပ်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး မှာသိမ်းပိုက်ရရှိထားတဲ့ ၁၂ မြို့အနက် နောင်ချို၊ ကျောက်မဲ ၊ သီပေါ မြို့ သုံးမြို့ကိုTNLA က လက်လွှတ်လိုက်ရတာပါ။
သီပေါမြို့ဟာ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိတဲ့ မြို့တမြို့ဖြစ်ပြီး ပြည်မနဲ့ဆက်စပ်နေတဲ့မြို့တမြို့လည်းဖြစ်ပါတယ်။
🔹 ရွေးကောက်ပွဲကို မယုံကြည်လို့ အီးယူက
စောင့်ကြည့်ရေးအဖွဲ့ မလွှတ်
လာမယ့်ဒီဇင်ဘာလမှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုံကြည်ရတဲ့ ရလဒ်ထွက်လာမှာမဟုတ်လို့ မြန်မာနိုင်ငံကို လေ့လာသူစေလွှတ်ဖို့အစီအစဉ်မရှိဘူးလို့ ဥရောပသမဂ္ဂ(EU) လူ့အခွင့်အ ရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ လ၂၈ရက်ကစလို့ အပိုင်းလိုက်ပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး ပြည်ခိုင်ဖြိုးအပါအဝင် စုစုပေါင်းပါတီ ၅၇ ပါတီ ဝင်ပြိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က တရားဝင်အသိအမှတ်ပြုမှုလိုချင်လို့ပြုလုပ်တဲ့ရွေးကောက်ပွဲမှာအတုအယော င်ရွေးကောက်ပွဲသာဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန်နေကြတာပါ။
🔹 ငလျင်လှုပ်ခတ်လို့ ထိတ်လန့်ခဲ့တဲ့ ရန်ကုန်က ပြည်သူတွေ
အောက်တိုဘာ ၁၇ ရက် ည၁၁ နာရီကျော်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကို ရန်ကုန်တိုင်း မြို့နယ် အများစုမှာ သိသာစွာခံစားခဲ့ရပြီး ပြည်သူတွေ ထိတ်လန့်ခဲ့ကြပါတယ်။
မရမ်းကုန်း၊ကမာရွတ်၊လှိုင်၊ ဒလ ၊သာကေတနဲ့ဒေါပုံ အပါအဝင် မြို့နယ်အများစုမှာ အထပ်မြင့်တိုက်ခန်းနေပြည်သူတွေတိုက်အောက်ကိုပြေးဆင်းခဲ့ကြတာပါ။
မြေငလျင်သတင်း
မိုးဇလဦးစီးဌာနကတော့ အောက်တိုဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၉)မိနစ်၊ (၁၇) စက္ကန့် အချိန်မှာကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁) မိုင်ခန့် အကွာ မရမ်းကုန်းမြို့နယ်၏ မြောက်-အနောက်မြောက်ဘက် (၁) မိုင်ခန့် အကွာ) အနက်(၁၅) ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ထုတ်ပြန်ထားပါတယ်။