ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံမီးလောင်မှု သေဆုံးသူ ၁၆ ဦးအထိရှိလာ အရေအတွက် ထပ်တိုးနိုင်

မီးဘေးနဲ့ အဆောက်အအုံ ဘေးကင်းရေး စံနှုန်းတွေ နိမ့်ကျမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ် မီးလောင်မှု ဒါဇင်နဲ့ချီ ဖြစ်ပွားလေ့ရှိပြီး အရင်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေဟာ နိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍကို ထိခိုက်ခဲ့ပါတယ်။

၁၅ ၊ အောက်တိုဘာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတခုနဲ့ သူနဲ့ကပ်လျက်ရှိတဲ့ ဓာတုဗေဒပစ္စည်း ဂိုဒေါင်တခုတို့မှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တဲ့အပြင် သေဆုံးသူဦးရေ ပိုတိုးလာနိုင်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အထည်ချုပ်စက်ရုံရဲ့ ဒုတိယထပ်နဲ့ တတိယထပ်ကနေ အလောင်း ၁၆ လောင်း ကို တွေ့ရှိထားပြီး ဆယ်ယူရေးဆက်လုပ်နေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်” လို့ မီးသတ်ဌာန ညွှန်ကြားရေးမှူး တာဂျူလ် အစ္စလာမ် ချောင်ဒရီ က ပြောပါတယ်။ဒါပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးဘူးလို့ သူက ဖြည့်ဆွက်ပြောပါတယ်။

မီးလောင်မှုဟာ မြို့တော် ဒါကာရဲ့ မီရာပူဧရိယာမှာရှိတဲ့ လေးထပ်တိုက်စက်ရုံ တတိယထပ်ကနေ မနေ့က နေ့လည်ပိုင်းက စလောင်ခဲ့ပြီးနောက် ချွတ်ဆေးမှုန့် ၊ ပလက်စတစ်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စတာတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကို ကူးစက်သွားခဲ့တယ်လို့ မီးသတ်ဌာနအရာရှိတဦးဖြစ်တဲ့ တယ်လ်ဟာ ဘင် ဂျာရှီမ်က မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြောပါတယ်။

မီးသတ်သမားတွေဟာ အဲဒီ မီးလောင်မှုကို သုံးနာရီနီးပါးအကြာ ငြိမ်းသတ်ပြီးနောက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဂိုဒေါင်မီးက ဆက်လက်လောင်ကျွမ်းနေခဲ့ပါတယ်။

ချောင်ဒရီက စက်ရုံပိုင်ရှင်တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘဲ ရဲနဲ့ စစ်တပ်က သူတို့ကို ရှာဖွေဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးလောင်မှုဖြစ်ပွားတဲ့ စက်ရုံနဲ့ ဂိုဒေါင်တို့ဟာ တရားဝင်ခွင့်ပြုချက် ဒါမှမဟုတ် မီးဘေးကာကွယ်ရေး အစီအစဉ် မရှိဘူးလို့ မီးသတ်ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

သေဆုံးသူတွေဟာ မီးလောင်ဒဏ်ရာပြင်းထန်တာကြောင့် သူတို့ကို ခွဲခြားသိနိုင်ဖို့ DNA စစ်ဆေးတာဟာ တခုတည်းသော နည်းလမ်းဖြစ်နိုင်ကြောင်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက် ယူနွတ်စ် က ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ အင်မတန်ဝမ်းနည်းကြောင်း ဖော်ပြပြီး အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ သေဆုံးသူသွားသူတွေရဲ့ မိသားစုတွေကို ပံ့ပိုးကူညီဖို့ တိုက်တွန်းထားပါတယ်။

မီးဘေးနဲ့ အဆောက်အအုံ ဘေးကင်းရေး စံနှုန်းတွေ နိမ့်ကျမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ် မီးလောင်မှု ဒါဇင်နဲ့ချီ ဖြစ်ပွားလေ့ရှိပြီး အရင်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတွေဟာ နိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍကို ထိခိုက်ခဲ့ပါတယ်။ အဆိုပါကဏ္ဍဟာ လူပေါင်း ၄ သန်း ကို အလုပ်ပေးထားပြီး နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းကျော် တန်ဖိုးရှိပါတယ်။

Ref – Reuters