တရုတ်က ကိုကိုးကျွန်းမှာ ထောက်လှမ်းရေးရေဒါတွေ တပ်ဆင်ပြီး အိန္ဒိယရဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တာ ၊ Balasore ဒုံးကျည်စမ်းသပ်ရေးစခန်းကနေ ပစ်လွှတ်တဲ့ ဒုံးပျံတွေကို စောင့်ကြည့်တာတွေ ပြုလုပ်မှာကို အိန္ဒိယက သံသယရှိနေတာပါ။
၁၁ ၊ အောက်တိုဘာ
ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းမှာ တရုတ်နိုင်ငံက လွှမ်းမိုးပတ်သက်မှု မရှိဘူးလို့ စစ်ကော်မရှင်က အာမခံထားပေမယ့် အိန္ဒိဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။
အိန္ဒိယရဲ့ Landfall ကျွန်းနဲ့ မိုင် ၁၀၀ ဝန်းကျင်သာဝေးတဲ့ ကိုကိုးကျွန်းကို လာကြည့်ဖို့ နယူးဒေလီအစိုးရဲ့ တောင်းဆိုချက်ကိုတော့ စစ်မကော်ရှင်က အကြောင်းမပြန်သေးဘဲ စဉ်းစားနေဆဲ ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေဆီက သိရကြောင်း Hindustan Times သတင်းဌာနက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အိန္ဒိယ ကာကွယ်ရေးအတွင်းဝန် ရာဂျက် ကူမားဆင်း နေပြည်တော်ကို ၂ရက်ကြာ ခရီးစဉ်လာရောက်ခဲ့ချိန်မှာ ကိုကိုးကျွန်းမှာ တရုတ်နိုင်ငံသား တယောက်မှ မရှိဘူးလို့ စစ်ကော်မရှင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ စိုးရိမ်ရတဲ့ အကြောင်းအရင်းတွေကတော့ တရုတ်က ကိုကိုးကျွန်းမှာ ထောက်လှမ်းရေးရေဒါတွေ တပ်ဆင်ပြီး အိန္ဒိယရဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် တပ်ဆင်နိုင်တဲ့ ရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တာ ၊ Balasore ဒုံးကျည်စမ်းသပ်ရေးစခန်းကနေ ပစ်လွှတ်တဲ့ ဒုံးပျံတွေကို စောင့်ကြည့်တာတွေ ပြုလုပ်မှာကို အိန္ဒိယက သံသယရှိနေတာပါ။
အိန္ဒိယရဲ့ လေကြောင်းလေ့လာစောင့်ကြည့်ရေးအချက်အလက်တွေအရ ကိုကိုးကျွန်းမှာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ဆင်းသက်နိုင်ဖို့ လေယာဉ်ပြေးလမ်းကို တိုးချဲ့ထားပြီး စစ်အင်အား ၁၅၀၀ ကျော် နေထိုင်နိုင်တဲ့ အဆောက်အအုံအသစ်တွေကို ဆောက်လုပ်ပြီးပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကိုကိုးကျွန်းအနီးရှိ ဂျယ်ရီကျွန်းဆီကို ကုန်းလမ်းတံတားဆောက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Ref : Hindustan Times