“ဆရာတော် ဝါပျက်မှာစိုးလို့ ကျောင်းကို မရွှေ့သေးဘဲ အပင်တွေနဲ့ ကမ်းကိုဆယ်ထားရတယ်။ ကမ်းပါး ပြိုတာကတော့ နည်းနည်းရပ်သွားပေမယ့် ဆက်ပြိုနေတုန်းပဲ”လို့ ဒေသခံကပြောပါတယ်။
စက်တင်ဘာလ နှောင်းပိုင်းမှာ တိုက်ခတ်ခဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့အတူ ဧရာဝတီမြစ်ရေသာမန်ထက် မြင့်တက်ခဲ့တာကြောင့် ဧရာဝတီတိုင်း ၊ ဇလွန်မြို့နယ် ၊ ဖားလက်ခိုကျေးရွာအုပ်စု ၊ ရွှေပေါ်ကျွန်း ကျေးရွာ က ကိုင်းစိုက်ခင်း ၁၅ ဧကလောက် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒီဒေသမှာက ငရုတ် ၊ ပဲငပိ ၊ ပဲဒီစိမ်း နဲ့ စားပြောင်းတွေကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။
“စိုက်ခင်းအားလုံး ရေမြှုပ်သွားတာတော့မဟုတ်ဘူး။ ကုန်းမြင့်တဲ့တောင်သူတွေက မမြှုပ်ဘူးအဆင်ပြေတယ်။ အနိမ့်ဘက် က စိုက်ပျိုးမြေတွေမြှုပ်သွားတာ”လို့ ရွှေပေါ်ကျွန်းကျေးရွာမှာနေထိုင်သူက ပြောပါတယ်။
မြစ်ရေဟာ လက်ရှိအချိန်မှာ ဆက်လက်မြင့်တက်နေပေမယ့်လည်း လူနေထိုင်ရာ ကျေးရွာကုန်းမြင့်အ ထိမရောက်ရှိသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။ ရွှေပေါ်ကျွန်းကျေးရွာဟာ စက်တင်ဘာလ ၁၅ ရက်စတင်ပြီး မြစ်ကမ်းပါးပြိုတဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရတာပါ။
အိမ်ခြေ ၁၀၀ ခန့်တည်ရှိတဲ့ ရွှေပေါ်ကျွန်းကျေးရွာမှာ အိမ်ခြေ ၁၅ လုံးလောက်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ လက်ရှိအချိန်မှာဆိုရင် ကျေးရွာဘုန်းကြီး ကျောင်းဟာ မြစ်ကမ်းပါပြိုကျတဲ့ တည်နေရာနဲ့ နီးကပ်နေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“ဆရာတော် ဝါပျက်မှာစိုးလို့ ကျောင်းကို မရွှေ့သေးဘဲ အပင်တွေနဲ့ ကမ်းကိုဆယ်ထားရတယ်။ ကမ်းပါး ပြိုတာကတော့ နည်းနည်းရပ်သွားပေမယ့် ဆက်ပြိုနေတုန်းပဲ”လို့ သူကပြောပါတယ်။
ရွှေပေါ်ကျွန်း ကျေးရွာဟာ ဇလွန်မြို့မြောက်ဘက် ဧရာဝတီမြစ်အလယ်သောင်ပေါ်မှာ ရှိပါတယ်။
ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုဟာ မူလမြစ်တည်နေရာကနေ ကုန်းတွင်းပိုင်းကို တဧကခွဲကျော်အထိ ရှိနေပြီး စိုက်ပျိုးမြေတွေ အများဆုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒီကျေးရွာမှာဆိုရင်တော့ အရင်ကလည်း အခုလို များ မြစ်ကမ်းပါးပြိုကျတာ ၊ မြစ်ရေလွှမ်းလို့ စိုက်ခင်းပျက်စီးတာတွေ ကြုံတွေ့ခဲ့ဖူးပါတယ်။
ဒါ့အပြင်လက်ရှိမှာတိုင်ဖွန်းမုန်တိုင်းဘူအလွိုင်ရဲ့အကြွင်းအကျန်တွေနဲ့ ဘင်္ဂလားပင်လယ် အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ ဖြစ်စဉ် တွေကြောင့် ဧရာဝတီတိုင်းအတွင်းမှာ စက်တင်ဘာ ၃၀ နောက်ပိုင်းမှာ တတိုင်းလုံး အတိုင်းအတာနဲ့ မိုးရွာသွန်းနိုင်ပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းတွက်ချက် ထားကြပါတယ်။
လက်ရှိဖြစ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းပြိုလေ့ရှိတဲ့ ဒေသတွေနဲ့ မြစ်၊ ချောင်းနားနီးတဲ့ ဒေသတွေက ဒေသခံတွေအနေနဲ့ ရုတ်တရက်ရေကြီးခြင်းနဲ့ ကမ်းပြိုခြင်းတွေကို ဂရုစိုက်ကြဖို့ကိုလည်း မိုးဇလ ပညာရှင်တွေက သတိပေးထားကြပါတယ်။