ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ပြည်နယ်၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တလျှောက်တွင် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၂ ရက်အတွင်း မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။
၂၉၊ စက်တင်ဘာလ။
တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်ရဲ့ အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြစ်ကျော်နိုင်တာကြောင့် ဒီကနေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျနိုင်ပြီး မြေပြင်၊ ရေပြင်လေဟာ တစ်နာရီကို ၃၀ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်း အကြွင်းအကျန်တွေနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ ဖြစ်စဉ်တွေကြောင့် ဧရာဝတီတိုင်းအတွင်းမှာ စက်တင်ဘာ ၃၀ နောက်ပိုင်းမှာ တတိုင်းလုံး အတိုင်းအတာနဲ့ မိုးရွာသွန်းနိုင်ပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းတွက်ချက် ထားကြပါတယ်။
မိုးဇလ ပညာရှင် ဦးဝင်းနိုင်က “ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ပြည်နယ်၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တလျှောက်တွင် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၂ ရက်အတွင်း မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် လေပြင်း တနာရီ မိုင် ၃၀ ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၈ ပေခန့်အထိ ရှိနိုင်ပါတယ်။ ဤကာလအတွင်း ပင်လယ်ပြင်ခရီးသွားခြင်းနှင့် ရေလုပ်သားများပင်လယ်သို့ထွက်ခွာခြင်းများကို ရှောင်ကြဉ်သင့်ပါတယ် ” လို့ အကြံပြုထားပါတယ်။
လက်ရှိဖြစ်နေတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းပြိုလေ့ရှိတဲ့ ဒေသတွေနဲ့ မြစ်၊ ချောင်းနားနီးတဲ့ ဒေသတွေက ဒေသခံတွေအနေနဲ့ ရုတ်တရက်ရေကြီးခြင်းနဲ့ ကမ်းပြိုခြင်းတွေကို ဂရုစိုက်ကြဖို့ မိုးဇလ ပညာရှင်တွေက သတိပေးထားကြပါတယ်။
ဦးဝင်းနိုင်ကတော့ ဘူအလွိုင်ရဲ့ မုန်တိုင်းအကြွင်းအကျန် သက်ရောက်မှုဟာ ၂၀၂၄ ခုနှစ် တိုင်ဖွန်းမုန်တိုင်း ယာဂိရဲ့ အကြွင်းအကျန်များလောက် မိုးများနိုင်ခြင်းမဖြစ်၊ ရေကြီးရေလျှံခြင်းဆိုးရွားစွာဖြစ်ခြင်း မရှိနိုင်လို့ ဆိုထားပါတယ်။