“ရထားလက်မှတ်ခဟာ ပုသိမ်အထိခရီးရှည်သွားလာတဲ့လူကိုသာ ပိုမိုတောင်းခံခြင်းမဟုတ်ဘဲ ခရီးတိုသွားလာတဲ့လူတွေကို ပါ ပိုမိုတောင်းခံတာဖြစ်ပါတယ်။”
၂၀၊ဩဂုတ်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် မြို့တွင်းဘူတာကနေ ပုသိမ်မြို့အထိ ရထားလက်မှတ်သက်မှတ်ဈေးက ၁၂၀၀ ကျပ်သာရှိပေမယ့်လည်း လက်မှတ်ဝယ်ယူတဲ့အခါမှာတော့ ၇ ထောင်ကျပ် ပေးရတယ် လို့ ဩဂုတ်လ ၁၉ရက် မြို့တွင်း – ပုသိမ် ခရီးစဉ်ကို လိုက်ပါခဲ့သူတဦးက ပြောပါတယ်။
“လက်မှတ်မှာက ၁၂၀၀ ကျပ်၊ တောင်းတော့ ၇ ထောင် ၊ တွဲပေါ်က လက်မှတ်စစ်က လက်မှတ်တွေကို ပြန်သိမ်းသွားတယ်။ ငါတောင်းတာ ပြန်မပေးဘူး”လို့ ပုသိမ်ကို ရထားစီးပြီး ခရီးသွားလာခဲ့သူက ပြောပါတယ်။
ဒါ့အပြင် ရထားလက်မှတ်ဝယ်ယူတဲ့နေရာမှာအမည် နဲ့ အသက်အပါအဝင် အခြားသောအချက်အလက် တွေကို လက်မှတ်ပေါ်မှာ ဖြည့်သွင်းရေးသားပေးရတယ်လို့ သူကဆက်ပြောပါတယ်။ ရထားလက်မှတ် ခဟာ ပုသိမ်အထိခရီးရှည်သွားလာတဲ့လူကိုသာ ပိုမိုတောင်းခံခြင်းမဟုတ်ဘဲ ခရီးတိုသွားလာတဲ့လူတွေကိုပါ ပိုမိုတောင်းခံတာဖြစ်ပါတယ်။
“ငါပဲ ၇ ထောင်ပေးရတာမဟုတ်ဘူး။ မဲဇလီကုန်းဘူတာကနေ ဒါးက ဘူတာကိုသွားတဲ့လူလည်း ၇ ထောင်ပဲ”လို့ ဂုတ်လ ၁၉ ရက်က ရထားစီးနင်းခဲ့သူကပြောပါတယ်။ မဲဇလီကုန်းဘူတာနဲ့ ဒါးကဘူတာ ဆိုတာကတော့ ကြားဘူတာ ၂၃ ခုသာရှိပြီး သက်မှတ်ဈေးနှုန်းက ၁၁၉၀ ကျပ်ပါ။
ဧရာဝတီတိုင်းထဲမှာ ကြံခင်း – ဟင်္သာတ – ပုသိမ် ရထားလမ်းဟာ လက်ရှိအချိန်အထိ ပြေးဆွဲနေပါတယ်။ ဘူတာပေါင်း ၄၂ ထိရှိတဲ့ ဒီခရီးစဉ်ကို လိုက် ပါစီးနင်းတဲ့ ခရီးသည်အရေတွက်ကလည်း အသင့် အတင့်ရှိ နေဆဲဖြစ်တယ်လို့ မီးရထားနဲ့ ပုသိမ်ကို ကိုယ်တိုင်သွားခဲ့သူက ပြောပါတယ်။
ဒါပေမဲ့ ဧရာဝတီတိုင်းထဲမှာ ၂၀၁၆ ခုနှစ် ဇွန်လက ရပ်နားခဲ့တဲ့ ဟင်္သာတ – လှိုင်သာယာ ရထားလမ်းပိုင်း ကိုတော့ လက်ရှိအချိန်မှာ ပြန်လည်ဖြုတ်သိမ်းနေကြပါတယ်။ အိမ်မဲ – စက္ကော့ – လှိုင်သာယာလမ်းပိုင်း ကိုပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်စပြီး ဖြုတ်သိမ်းခဲ့ကြတာပါ။