
မတ်၊ ၁၄
“မော်တင်စွန်းဘုရားပွဲလိုက်ခဲ့ပါခေါ်သူ၊ စကားရည်တူ စိတ်ထားဖြူဖြူ”
“ကျွန်တော့မမ…ပုသိမ်သူ”တဲ့။ တေးရေးဆရာကိုလေးလွင်ရေးသားပြီး အဆိုတော်သန်းထွန်းလေး သီဆိုခဲ့တဲ့ နာမည်ကျော်တေးသီချင်းလေးပါ။
ဧရာဝတီတိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်နေတဲ့ DNA သတင်းဌာနဟာ မော်တင်စွန်းဘုရားပွဲ အကြောင်းကိုလည်း မေ့မထားခဲ့ပါဘူး။
မော်တင်စွန်း ဘုရား(စေတီ)ဆိုတာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာရှိတာပါ။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က တဖုသနှင်ဘလ္လိက ညီနောင်တို့ ပင့်ဆောင်ခွင့်ရခဲ့တဲ့ ဆံတော် ၈ ဆူထဲက ၂ ဆူကို ဌာပနာပြီး တည်ထားခဲ့တယ်ဆိုတဲ့ သမိုင်းဖြစ်စဉ်နဲ့ နာမည်ကြီးတဲ့ စေတီတဆူလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ကျရောက်တဲ့ ဘုရားပွဲကိုတော့ ကိုဗစ်ကို အကြောင်းပြုပြီး ဘုရားပွဲ မပြုလုပ်နိုင်ခဲ့ပေမယ့် မြန်မာတနိုင်ငံလုံးနီးပါး စစ်မက်ဖြစ်ပွားနေတဲ့ ပြီးခဲ့တဲ့ကာလတွေမှာတော့တောက်လျှောက် ကြီးကျယ်ခမ်းနား စည်ကားတဲ့ ဘုရားပွဲလည်းဖြစ်ခဲ့တာပါ။
ဘုရားပွဲကို တပေါင်းလဆန်း ၁ ရက်နေ့ကနေ လဆန်း ၁၅ ရက်ထိ ကျင်းပခဲ့ပါတယ်။
အခုနှစ်မှာတော့စစ်မှုထမ်းပြဿနာတွေနဲ့ စစ်ရိပ်စစ်ငွေ့တွေကြောင့် အရင်နှစ်တွေကလောက် စည်းကားမှု မရှိပေမယ့် အဖိတ်နေ့နဲ့ လပြည့်နေ့မှာတော့ လာရောက်သူများပြားခဲ့တယ်လို့ ပွဲကိုသွားရောက်ခဲ့သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က စတင်ခဲ့တဲ့ မြတ်မော်တင် ဘုရားပွဲရဲ့ ဖွင့်ပွဲကို စစ်ကောင်စီ အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နဲ့ စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။
အရင်နှစ်တွေကလည်း တက်ရောက်နေကြဆိုပေမယ့် ဒီနှစ်မှာတော့ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ရဲနဲ့ စစ်တပ် အင်အားဆယ်ချီကျော်လုံခြုံရေးယူပြီး တက်ရောက်လာတာကတော့ ထူးခြားချက်ဖြစ်ခဲ့တာပါ။
“သေနတ်တွေရော ဘာတွေရောနဲ့ဆိုတော့ နည်းနည်းတော့ လန့်တာပေါ့” လို့ မော်တင်စွန်း ဘုရားပွဲရာသီမှာ အိမ်ကို တည်းခိုခန်းအဖြစ် ဖွင့်လှစ်လေ့ရှိတဲ့ ဒေသခံတဦးက ဆိုပါတယ်။
ဘုရားပွဲသမိုင်းတွေအရ ဘုရားပွဲမှာ ခိုက်ရန်ဖြစ်ပွားသော ဘေးအန္တရာယ်မရှိခြင်းဆိုတဲ့ မှတ်ချက်ဟာ အံဖွယ်ဖြစ်ရပ်လို့ သတ်မှတ်ထားတဲ့ ဖြစ်ရပ် ၁၈ ခုထဲမှာ ပါဝင်ပါတယ်။
ဒီလိုသတ်မှတ်ချက်ရှိထားတဲ့ ဘုရားပွဲဖွင့်ပွဲကို လက်နက်အပြည့်အစုံနဲ့ စစ်ခေါင်းဆောင်တွေအတွက် လုံခြုံရေးယူခဲ့ကြတာဟာ ဒေသခံတွေကို အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေပြီး စစ်ရိပ်သန်းလာနေတာလို့လည်း ယုံကြည်နေကြသူတွေ ရှိနေပါတယ်။
“နဂိုကမှ ကျွန်မတို့က ကြောက်နေပါတယ်ဆို သူတို့က အဲ့လိုတွေလာတော့ သူတို့တွေကို တိုက်ဖို့များ တဖက်က လာကြမလားဆိုပြီး စိုးရိမ်လိုက်ရတာဆိုတာ ပြောမနေပါနဲ့တော့” လို့ ပွဲဈေးမှာ မရွေးနဲ့ ပြောင်းဖူးပြုတ် ရောင်းချခဲ့တဲ့ ဒေသခံ အမျိုးသမီးဦးက သူ့စိုးရိမ်မှုကို ပြောပြပါတယ်။
ဖွင့်ပွဲကို လူအင်အား ရာနဲ့ချီပြီး အက အလှအစုံအလင်နဲ့ ဖွင့်လှစ်ခဲ့ပေမယ့် ဖွင့်ပွဲနေကစလို့ အဖိတ်နေ့မတိုင်ခင်အထိ ၁၃ ရက် တိတိဟာ ပွဲဈေးခင်းထဲမှာတောင်မှ လူပါးတဲ့အထိ လာရောက်သူ နည်းပါးခဲ့တယ်လို့ မော်လမြိုင်ကျွန်းမြို့ကနေ ဘုရားပွဲသွားရောက်ခဲ့သူ မရွှေမွန် က ပြောပြပါတယ်။
“ကျွန်မတို့ဆီက ပုံမှန်ထွက်တဲ့ နှစ်ထပ် သဘော်တောင်မှ ဒီနှစ်မထွက်ဘူး။ ပုသိမ်ဘက်ကတော့ ထွက်တယ်။ ဒါပေမယ့် လူသိပ်မပါပါဘူး” လို့ သူမြင်တွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။
စစ်ကောင်စီကတော့ စစ်ငွေ့တွေရှိနေတဲ့ ပုသိမ်ခရိုင်ထဲက နိုင်ငံကျော် နာမည်ကြီး ဘုရားပွဲမှာ လူစည်ကားနေတယ် ဆိဆိုမျိုး သတင်းလွှင့်ဖို့အတွက် ပုသိမ်ကနေ နှစ်ထပ်သင်္ဘာတွေကိုနေ့စဉ် စေလွှတ်နေပြီး တချို့ရက်တွေမှာ လူအပြည့်ပုံစံမျိုး စီစဉ်ပြီး ရုပ်/သံ လွှင့်တာတွေလည်း ရှိတယ်လို့ ပုသိမ် – ငွေဆောင်ခရီးသည်ပို့ဆောင်ရေး လုပ်နေတဲ့ DNA ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ပွဲသွင်းဖို့အတွက် စွမ်းဇာနည်ရဲ့ ဇာတ်အဖွဲ့ကိုငှားရမ်းခဲ့ပြီး ဖျာ ၁ ချပ်ကို ကျပ် ၁ သိန်းနူန်းနဲ့ရောင်းချခဲ့ပေမယ့် ဝယ်ယူကြည့်ရှုမယ့်သူ နည်းပါးတာကြောင့် အနီးနားဝန်းကျင်ရွာတွေက ဒေသခံတွေကို အခမဲ့ကြည့်ခိုင်းတာမျိုးတွေ ပြုလုပ်ခဲ့ရတယ်လို့ ဧရာဝတီတိုင်းရဲ့ တော်လှန်ရေးသတင်းတွေ ထုတ်ပြန်နေတဲ့ လူမှုကွန်ရက်တွေမှာ သတင်းတွေတက်လာခဲ့ပါတယ်။
ဖျာဝယ်ပြီး ကြည့်ရှုမယ့်သူနည်းပါးခဲ့တယ်ဆိုတာ မှန်ကန်ပေမယ့် ဒေသခံတွေကိုလည်း အခမဲ့ကြည့်ရှုခိုင်းခဲ့တာမျိုး မဟုတ်ဘဲ Non- CDM တချို့ကို ဖျာဖိုးပေးချေခိုင်းခဲ့တယ်လို့ လည်းဒေသခံတွေကြား သတင်းတွေထွက်နေတယ်လို့ သိရပါတယ်။
ဘုရားပွဲကာလတွင်း ၁၃ ရက်ဟာ ပရိသတ်ခြောက်ကပ်ကပ်နဲ့ပြီးသွားခဲ့ပေမယ့် ၁၄ ရက်မြောက်နေ့ အဖိတ်နေ့မှာတော့ စေတီရင်ပြင်တော်အပြည့် ဘုရားဖူးသူတွေ လာရောက်ခဲ့ကြပြီး ဘုရားပွဲနောက်ဆုံးနေ့ လပြည့်နေ့မှာတော့ စည်စည်ကားကားရှိခဲ့တယ်လို့သိရပါတယ်။
ပုံမှန်အားဖြင့် ဘုရားပွဲကျင်းပတဲ့ မတ်လဟာ ကျောင်းပိတ်ရာသီဖြစ်သလို နွေဦးရာသီဖြစ်တာကြောင့် ကမ်းခြေနဲ့ဆက်နေတဲ့ မော်တင်စွန်းဘုရားပွဲကို အပန်းဖြေဖို့အတွက်ပါ တွဲပြီးလာကြလေ့ရှိကြပါတယ်။
ဒါကြောင့် ဘုရားပွဲကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဧည့်ပရိသတ်ဟာ သိသိသာသာ လျော့ကျသွားခဲ့ပြီး ဒေသခံတွေဆီမှာလည်း စိုးရိမ်ပူပန်မှုတွေရှိနေတာကြောင့် ဘုရားပွဲလို့ မခံစားရဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
လတ်တလောမှာလည်း သာပေါင်း၊ ပုသိမ်နဲ့ ရေကြည်စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတချို့လည်းစစ်ဘေးရှောင်နေရတာဖြစ်ပါတာယ်။
နှစ်စဥ်မော်တင်စွန်းပွဲကိုသွားရောက်နေကြ မြောင်းမြဒေသခံအမျိုးသမီးတဦးကတော့ DNAကို အခုလိုရင်ဖွင့်ပါတယ်။
“သွားချင်တာပေါ့၊ ဟိုကြားဒီပြောနဲ့ သိပ်စိတ်မဝင်စားကြဘူးလေ၊ ခြောက်တီးခြောက်ကပ်ပေါ့”