အမ်းနဲ့ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

Photo – AA Info Desk

နို၀င်ဘာ၊ ၇

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်နဲ့ ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က ဆက်လက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အမ်းမြို့နယ်အတွင်းရှိ ခမရ ၃ရ၁ ၊ စစ်လက်နက်သိုလှောင်ရေးတပ် COD နဲ့ ဂွမြို့အနီးရှိ ပုဂံတောင်စခန်းနဲ့တိုင်ကျိုးရွာစခန်းတွေကို နို၀င်ဘာ ၅ရက်နဲ့ ၆ ရက်နေ့တို့မှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

“အမ်းမှာက တပ်တွေ တဖြေးဖြေးဆုပ်ပြေးနေကြတာ၊ COD နဲ့ ၃၇၁ သိမ်းလိုက်တာလည်း ဟုတ်ပါတယ်”လို့ အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင်ဂွမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ တိုင်ကျိုးစံပြကျေးရွာနဲ့ အဲဒီ ကျေးရွာတောင်ဘက် ပုဂံတောင်ဘုရားမှာ ယာယီအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)ကအပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

AA ဟာ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောမြိုနယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အမ်းမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ်နဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ကဇုကိုင်းဗျူဟာ၊ မဲတောင်ဗျူဟာ၊ ခမရ ၃၇၂ တပ်ရင်း၊ ခမရ ၃၇၃ တပ်ရင်း၊ စစ်ဆေးရုံ၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်စခန်းတို့ကို  သိမ်းပိုက်ထားပါတယ်။

AAထိုးစစ်အပြင်းအထန်လုပ်နေတဲ့နပခအခြေစိုက်အမ်းမြို့ကို ကုန်းလမ်းအရဆက်သွယ်နိုင်တဲ့ အမ်း-မြေပုံ၊ အမ်း-တပ်တောင်၊ အမ်း- မအီစတဲ့လမ်းပိုင်းတွေအပြင် အမ်းနဲ့ မြို့တော်စစ်တွေကြားရှိ မြို့နယ်အားလုံးကိုလည်း AAကထိန်းချုပ်ထားတာဖြစ်ပါတယ်။

အမ်းမြို့နယ်တခုလုံးကို AAက ဝိုင်းပိတ်ဆို့ထားလို့ လေကြောင်းကလွဲရင် စစ်ကောင်စီဖက်က စစ်ကူပေးဖို့မလွယ်ဖူးလို့သုံးသပ်ထားကြပါတယ်။

AA ဟာ ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အမ်းမြို့နယ်အတွင်း ထိုးစစ်တွေ စလုပ်ခဲ့ပြီး အမ်း  တပ်တောင်ကားလမ်းပေါ်ရှိ တပ်ရင်းတွေနဲ့ အမ်း  ပဒါန်းလမ်း ရိုးမပေါ်ရှိ ရှေ့တန်းစစ်ကြောင်းတွေကိုလည်း ထိုးစစ်ဆင်၊ တိုက်ခိုက်ကာ ပြည်မဖက်ကနေ စစ်ကူမလာနိုင်အောင် ဖြတ်တောက်ထားတာပါ။

ဒါ့အပြင် ဂွမြို့နယ်မှာဆိုရင်လည်း သံတွဲ-ဂွ ကားလမ်းတလျှောက်ရှိ တပ်စခန်းအများစုကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။