ဇူလိုင် ၊ ၇
မောင်တောနဲ့သံတွဲလတ်တလောတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ခုနှစ်ရာကျော်သေဆုံးခဲ့ပြီး လက်ကျန်စခန်း အားလုံးကိုထိုးစစ်ဆင်နေတယ်လို့အာရက္ခတပ်တော် AAက ဒီကနေဇူလိုင်၇ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့တဲ့ရခိုင်တကျော့ပြန်စစ်ပွဲမှာ (၇) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်းမရှိဘဲ တရက်ပြီး တရက် ဆက်လက်မြင့်တက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်စုံသုံးပြီး ခုခံစစ်များနဲ့ အသည်းအသန်ခုခံနေသလို AAကလည်း လက်နက်ချအညံ့မခံသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
ဇွန်လ (၂၃) ရက်က အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ စစ်ရေးအရအရေးပါတဲ့ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်း” တောဟိန်းတောင်ဗျူဟာ” ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင်မောင်တောဒေသအတွင်းမှ စစ်ကောင်စီ လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ (၂)၊ နယ်ခြားစောင့် တပ်စခန်းကို ဇူလိုင်လ (၆) ရက်နေ့ကအလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
တပြိုင်တည်းထိုးစစ်ဆင်နေတဲ့သံတွဲမြို့နယ်မှာလည်း စစ်ကောင်စီက ဘင်္ဂလားပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာတွေက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်း အသည်းအသန် ခုခံကာကွယ်နေတယ်လို့ဆိုပါတယ်။
AAကလည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေလို့သံတွဲမြို့သိမ်းတိုက်ပွဲအခြေအနေကအပြင်းထန်ဆုံး နဲ့ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီးရခိုင် ဒေသမြို့သိမ်းတိုက်ပွဲများအနက် ခက်ခဲတဲ့ မြို့သိမ်းတိုက်ပွဲ ဖြစ်တယ်လို့ AAကပြောပါတယ်။
သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ဇွန်လ (၂၇) ရက်မှာသိမ်းပိုက်ရရှိခဲ့ပြီး မြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်။
ပတ်ဝန်းကျင်အနီးအနားမှ နေရာများကို ဇူလိုင်လ (၆) ရက်နဲ့ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ် အဆောက်အအုံနဲ့ ၎င်းအနီးပတ်ဝန်းကျင်ကို ဇူလိုင်လ (၅) ရက်မှာ အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီလို့ ဖော်ပြပါတယ်။
သံတွဲဒေသတိုက်ပွဲအတွင်း စကစအလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းမိပြီး သိမ်းဆည်းရမိတဲ့အလောင်း တွေကိုကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။
သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိ တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကိုဆက်လက်ထိုးစစ်ဆင်နေပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ဆိုပါတယ်။
ခလရ (၅၅) နဲ့အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနဲ့ အခြားအမည်မသိသေး တပ်ရင်းအချို့က စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနဲ့၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိပြီး ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မူကြောင့် တိုက်ပွဲများမှာ ပြင်းထန် နေတယ်လို့AAကထုတ်ပြန်ပါတယ်။
သံတွဲဒေသအတွင်း စစ်ကောင်စီဖက်ကသံတွဲအခြေစိုက်တပ်ရင်းခမရ (၅၆၆) နဲ့ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်တဲ့ ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နဲ့ Myanmar Navy SEALs(ရေတပ်အထူး) တပ်ဖွဲ့တွေ ပါဝင်တယ်လို့ဖမ်းဆီးရမိတဲ့ သုံ့ပန်းအချို့ကိုကိုးကားပြီး AAကဆိုပါတယ်။