အောက်တိုဘာ၊ ၆
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် အမ်းမြို့နဲ့ မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီကင်းစခန်းနှစ်ခုကို မနေ့က နေ့လယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးတိုင်းအခြေစိုက် PRA တပ်ဖွဲ့ကပြောပါတယ်။
“ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊လက်ရှိမှာရန်သူက ဒီလမ်းကြောင်းတလျှောက် ကင်းစခန်းလေးတွေ ခွဲပြီး လုံခြုံရေးယူထားတာတော့ရှိတယ်၊ အဲ့ဒီထဲမှာ ကျွန်တော်တို့ဝင်တိုက်တဲ့ ကင်းစခန်းတွေ လည်းရှိတာပေါ့”လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA -Magway စစ်ဦးစီးချုပ် နောင်သူရိန် က DNA ကိုပြောပါတယ်။
မနေ့က တိုက်ခိုက်ခဲ့တဲ့ စခန်းတွေကတော့ အမ်း-ပဒါန်းလမ်းပိုင်း ရိုးမတောင်တန်းပေါ်က ဂုတ်ကြီးကျေးရွာ ထိပ် ၊ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ တို့မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ ကင်းစခန်းနှစ်ခု ဖြစ်တယ် လို့သိရပါတယ်။
ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA -Magway၊ အရှိုချင်း ကာကွယ်ရေးတပ်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်အမှတ်(၂)တပ်ရင်း ပူးပေါင်းတပ်သုံးခုက စစ် ကောင်စီကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဆယ်ဦးလောက်သေဆုံးနိုင်တယ် လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုင်ကယ်တွေ နဲ့ သယ်ထုတ်သွားတာ မျက်မြင်တွေ့ရတယ်လို့လည်း ပူးပေါင်းတပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က စစ်ကူတွေထပ်ရောက်လာပြီး နှစ် ဖက်ညှပ်ပစ်ခတ်လာတာ၊နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ ဟောင်ဝပ်ဇာတွေနဲ့ ဆက် တိုက် ပစ်ခတ်လာတာတွေကြောင့် ကင်းစခန်းတွေကိုအပြီးသတ်မရှင်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ပူးပေါင်းတပ် တွေက ထုတ်ပြန်အသိပေးထားပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းဟာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်နဲ့ရင်ဆိုင်နေရတဲ့ နပခ ဌာနချုပ်အတွက် အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းတခုဖြစ်ပေမယ့် အမ်းထိုးစစ်မစတင်ခင်ကတည်းက အဲ့ဒီလမ်းပိုင်းပေါ်မှာ AA ဘက်ကရော ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေဘက်ကပါ စစ်ရေးလှုပ်ရှားမှုတွေရှိနေခဲ့တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို ထောက်ပို့အတွက် အသုံးမပြုရဲတော့တဲ့ အခြေ အနေလို့ PRA -Magway စစ်ဦးစီးချုပ် နောင်သူရိန်ကပြောပါတယ်။
“လက်ရှိအခြေအနေကတော့ ရန်သူကဒီလမ်းကို မသုံးရဲ တော့တဲ့ အခြေအနေပေါ့၊အမ်းဘက်ကို စစ်ကူပို့တာ တောင်မှပဲ လေကြောင်းအသုံးပြုပြီး ပို့နေတာမျိုးတွေရှိတယ်”လို့ သူက DNAကိုပြောပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသကို ထိန်းချုပ်စိုးမိုးနိုင်ရေးဟာ ဒေသအခြေစိုက် တော်လှန်ရေးအင် အားစု တွေရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်သလို အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးဟာ အဲ့ဒီရည်မှန်းချက်ရဲ့ ရှေ့ပြေး လှုပ်ရှားမှုဖြစ်တယ်လို့ ပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“ရန်သူ့လှုပ်ရှားမှုအခြေအနေဦ ကိုယ်နဲ့ထိစပ်တဲ့ ဒေသတွေရဲ့ စစ်ဆင်ရေးအခြေအနေတွေအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့လှုပ်ရှားတယ်၊ပြီးတဲ့အခါမှာဒေသအသီးသီးကလှုပ်ရှားမှုတွေနဲ့တဆင့်ချင်းစီကျွန်တော်တို့ချိတ်ဆက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်”လို့ PRA -Magway စစ်ဦးစီးချုပ်က ပြောပါတယ်။