ယူကရိန်းနဲ့ တိုက်ပွဲမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက သူနိုင်ငံသားတွေကို စေလွှတ်ခဲ့တယ်လို့ ဇီလန်းစကီးပြော

အောက်တိုဘာ၊ ၁၅

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက သူ့နိုင်ငံသားတွေကို စေလွှတ်နေတယ်လို့ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပြီး ရုရှားနဲ့ မြောက်ကိုရီးယား အကြား မဟာမိတ်ဆက်ဆံရေးနဲ့ ပတ်သတ်လို့ စိုးရိမ်မှု မြင့်တက်နေပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့က ထုတ်လွှင့်တဲ့ နေ့စဉ် ဗီဒီယိုသတင်းစကားမှာ ယူကရိန်းသမ္မတ ဇီလန်းစကီးက “ရုရှားနဲ့ မြောက်ကိုရီးယားလို အစိုးရတွေကြား မဟာမိတ်ဖွဲ့မှု တိုးလာတာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဒါဟာ လက်နက်လွှဲပြောင်းတာ သက်သက် မဟုတ်တော့ပါဘူး။  တကယ်တော့ ဒါဟာ မြောက်ကိုရီးယားကလူတွေကို နယ်မြေသိမ်းပိုက် နေတဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေဆီ လွှဲပြောင်းပေးနေတဲ့ ကိစ္စပဲဖြစ်ပါတယ်။” လို့ ပြောပါတယ်။ 

 မော်စကိုနဲ့ ပြုံယမ်းကြားမှာ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးရှိနေစဉ်မှာ ဇီလန်းစကီးရဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာပါ။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို ဇွန်လမှာ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ 

အနောက်နိုင်ငံလေ့လာသူတွေကတော့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွင်း မြောက်ကိုရီးယားက ဘယ်လိုကြီးကြီးမားမား ကူညီပေးခဲ့တယ်ဆိုတာနဲ့ ပတ်သတ်လို့  သိချင်နေကြပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေ့တန်းမှာ ပံ့ပိုးမှုတွေ ပိုလိုတယ်” လို့ ဇီလန်းစကီးက ရုရှားပိုင်နက်မှာ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးဖို့ အနောက်နိုင်ငံတွေဆီ တောင်းဆိုမှုကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး အမည်မဖော်လိုသူ ယူကရိန်းထောက်လှမ်းရေး သတင်းရင်းမြစ် တခုက မြောက်ကိုရီးယားနိုင်ငံသားအချို့ဟာ ရုရှားစစ်တပ်နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီး အများစုမှာကတော့ မြောက်ကိုရီးယား ခဲယမ်းမီးကျောက်တွေ အသုံးပြုတာနဲ့ ပတ်သတ်တဲ့  အင်ဂျင်နီယာပညာရပ်နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူတို့အထဲက  တချို့ကတော့ မကြာသေးမီကပဲ ယူကရိန်းအရှေ့ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။

ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ စေလွှတ်စေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှား ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပတ်စကော့ဗ်က ပယ်ချခဲ့ပြီး နောက်ထပ်အလိမ်အညာတွေလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက သူတို့အနေနဲ့ နောက်ထပ် အခြေအနေတွေကို စောင့်ကြည့်နေပြီး ဒီစွပ်စွဲချက်က မှန်ကန်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယောင်ဟွန်းက ယူကရိန်းမှာမှာ မြောက်ကိုရီးယား အရာရှိတွေနဲ့ စစ်သားတွေ သေဆုံးတဲ့ဆိုတဲ့ သတင်းဟာ မှန်ကန်နိုင်ခြေများတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ကာကွယ်ရေးကဏ္ဍဆိုင်ရာ နှစ်စဉ် ပါလီမန်စာရင်းစစ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 

“ရုရှားနဲ့ မြောက်ကိုရီးယားတို့က စစ်ရေးမဟာမိတ်တခုနဲ့ ညီလုနီးပါး အပြန်အလှန် သဘောတူညီချက်တခုကို ချုပ်ဆိုထားတာကြောင့် ပုံမှန်တပ်တွေ ထပ်ဖြန့်ချထားနိုင်ခြေက အလွန်မြင့်မားတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီဖြစ်နိုင်ချေအတွက်ကိုလည်း ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အစိုးရတွေက စွပ်စွဲထားပြီး အဆိုပါလက်နက်လွှဲပြောင်းမှုတွေနဲ့ ပတ်သတ်လို့ သိသာထင်ရှားတဲ့ အထောက်အထားအများအပြားရှိပေမဲ့ နှစ်နိုင်ငံစလုံးက ငြင်းဆိုထားပါတယ်။ 

အနောက်အင်အားစုတွေရဲ့ ဖယ်ကျဉ်ခံထားတဲ့ အဆိုပါ နှစ်နိုင်ငံစလုံးက ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု နောက်ပိုင်း ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပုံဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက သမ္မတပူတင်  မြောက်ကိုရီးယားမြို့တော်ကို သွားရောက်လည်ပတ်စဉ် အတွင်း တနိုင်ငံတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ရရာနည်းလမ်းအားလုံးသုံးပြီး ချက်ချင်း စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ ကတိပြုခဲ့ကြပါတယ်။ ဒါက နှစ်နိုင်ငံသဘောတူထားတဲ့ ကာကွယ်ရေးစာချုပ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။  

နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်တစ်ခုအထိ တိုးမြှင့်လုပ်ဆောင်နေကြောင်း အဆိုပါခရီးစဉ်အတွင်း ပူတင်က ပြောကြားခဲ့ပါတယ်။ 

သမ္မတပူတင်နဲ့ ဆွေးနွေးပွဲ မတိုင်ခင်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားအစိုးရ၊ စစ်တပ်နဲ့ ပြည်သူတွေရဲ့ ရုန်းကန်မှုတွေနဲ့အတူ တသားတည်းရှိကြောင်း ၊  အပြည့်အ၀ထောက်ခံကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ အထူးသဖြင့် “မိမိကိုယ်ပိုင် အချုပ်အခြာအာဏာ၊ ဘေးကင်းလုံခြုံရေးနဲ့ တိုင်းပြည်တည်ငြိမ်ရေးကို ကာကွယ်ဖို့” ဆိုကာ ယူကရိန်းကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့ စစ်ပွဲကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ 

Ref: CNN