အစ္စရေးဆီကို ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ တပ်သားတွေ စေလွှတ်သွားမယ်လို့ ပင်တဂွန်ပြော

အောက်တိုဘာ ၊ ၁၄

အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့အတူ အမေရိကန်စစ်သားတွေကို အစ္စရေးဆီ စေလွှတ်သွားမယ်လို့ ပင်တဂွန်က အောက်တိုဘာလာ ၁၃ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလို လုပ်ဆောင်တာက အစ္စရေးကို ကာကွယ်ဖို့ ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်နေ့မှာ အီရန်က အစ္စရေးမြို့တွေပေါ်ကို ပဲ့ထိန်းဒုံးကျည် ၂၀၀နီးပါး ပစ်ခတ်ခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ကျယ်ပြန့်လာတာကို မလိုလားတာကြောင့် အီရန်ကို လက်စားချေတိုက်ခိုက်မယ်လို့ ကြုံးဝါးထားတဲ့ အစ္စရေးကို ချင့်ချိန်လုပ်ဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။

အစ္စရေးအနေနဲ့ အီရန်ရဲ့ နျူကလီးယားအခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်မှာကို ဆန့်ကျင်တဲ့အကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က လူသိရှင်ကြား သတိပေးထားပါတယ်။

The Terminal High Altitude Area Defense system (THAAD) ဟာ အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်တွေထဲက အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အဆိုပါစနစ်ကို အစ္စရေးရဲ့ ရှိနှင့်ပြီးသား နာမည်ကျော် ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ထဲ ထပ်လောင်းဖြည့်တင်းမှာ ဖြစ်ပါတယ်။

THAAD ဘထရီတခုအတွက် ပုံမှန်အားဖြင့် စစ်သား ၁၀၀ လိုအပ်ပါတယ်။ သူ့မှာ လောင်ချာ ၆ခုပါဝင်ပြီး လောင်ချာတခုစီမှာ ကြားဖြတ်ကိရိယာ ၈ခုနဲ့ အားကောင်းတဲ့ ရေဒါတခု ပါဝင်ပါတယ်။

Ref : Reuters