ဂျပန်လေဆိပ်တခုမှာ ဒုတိယကမ္ဘာစစ်ဗုံးလက်ကျန်ပေါက်ကွဲ

အောက်တိုဘာ ၊ ၃

အောက်တိုဘာ ၂ရက်နေ့က ဂျပန်နိုင်ငံ လေဆိပ်တခုမှာ ဒုတိယကမ္ဘာစစ်က ဗုံးလက်ကျန်တလုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ မရှိပေမယ့် လေကြောင်းခရီးစဉ် ၈၀ ကျော် ဖျက်သိမ်းလိုက်ရတယ်လို့ ဂျပန်အာဏာပိုင်တွေက ဆိုပါတယ်။

ဂျပန်အနောက်တောင်ပိုင်း Miyazaki မြို့ လေယာဉ်ကွင်းရဲ့ ပြေးလမ်းနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲချိန် အနီးအနားမှာ လေယောဉ်တစီးမှ ရှိမနေဘူးလို့ ကုန်းလမ်းနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အရာရှိတွေက  ပြောပါတယ်။

အဲ့ဒီဗုံးဟာ ပေါင် ၅၀၀ အမေရိကန်လုပ်ဗုံးတလုံးဖြစ်တယ်လို့ သိရပါတယ်။

Miyazaki လေဆိပ်ကို ၁၉၄၃ခုနှစ်က တည်ထောက်ခဲ့ပြီး ဂျပန်ဧကရာဇ်ရေတပ်ဌာနဟောင်း သင်တန်းကွင်းအဖြစ် အသုံးပြုခဲ့ကာ ကာမီကာဇေလို့ခေါ်ကြတဲ့ အသေခံတိုက်လေယာဉ်မှူးအချို့ အသေခံတိုက်ခိုက်မှုမစ်ရှင်တွေအတွက် ဒီလေယာဉ်ကွင်းကနေ ပျံတက်ခဲ့ဖူးပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်က ကြဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးအများအပြားကို အဲဒီဒေသမှာ တူးဖော်တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံတလွှားမှာ စစ်ပွဲအတွင်း မပေါက်ကွဲသေးသော ဗုံးတန်ပေါင်း ရာနဲ့ချီ ကျန်ရှိနေဆဲဖြစ်ပြီး တခါတရံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တူးဖော်တွေ့ရလေ့ရှိပါတယ်။

Ref : scrippsnews