စစ်ကောင်စီအရာရှိတွေကို သင်တန်းပေးတာတွေ ရပ်ဆိုင်းမယ်လို့ ဂျပန်အတည်ပြု

Photo – AP

မြန်မာ စစ်တပ် အရာရှိတွေကို လေ့ကျင့် သင်တန်းပေးနေတဲ့ အစီအစဉ်တွေ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ အပါအဝင် ၄ ဦးကို မြန်မာ စစ်ကောင်စီက သေဒဏ်စီရင် ကွပ်မျက်ခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး ဂျပန်ဖက်က အခုလို တုံ့ပြန်လာတာပါ။ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ် အပြီးမှာတောင် မြန်မာစစ်တပ်ရဲ့ အရာရှိတွေကို သင်တန်းသားအဖြစ် ဆက်ပြီး လက်ခံပေးနေခဲ့ပါတယ်။

ဒါပေမဲ့ ဇူလိုင်လတုန်းက စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုတွေ အပြီးမှာတော့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံ အားပေးနေတဲ့ ဂျပန် လွှတ်တော် အမတ်တွေက အစိုးရ အနေနဲ့ မြန်မာစစ်တပ် အရာရှိတွေကို သင်တန်းသားအဖြစ် လက်ခံနေတာတွေ ရပ်တန့်ဖို့ တောင်းဆိုလာကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အော်ကီ တာကီရှီက လာမယ့် ဧပြီလမှာ အစပြုမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်ကစလို့ မြန်မာစစ်တပ် အရာရှိတွေကို သင်တန်းသားအဖြစ် လက်ခံနေတာ ရပ်တန့်လိုက်တော့မယ်လို့ အတည်ပြုသွားပါတယ်။
ဂျပန်ရဲ့ အမျိုးသား ကာကွယ်ရေး အကယ်ဒမီနဲ့ တခြား ဌာနတချို့မှာ ရှိရင်းစွဲ ပညာသင်ယူနေတဲ့ မြန်မာ စစ်အရာရှိတွေကိုတော့ သင်တန်းကာလ ပြီးဆုံးတဲ့အထိ လက်ခံထားမယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ဂျပန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန် ဖလှယ်မှုတွေ ဆက်ပြီး လုပ်ဆောင်ဖို့ မသင့်တောတော့ဘူးလို့လည်း ဆုံးဖြတ်လိုက်ကြောင်းတာကီရှီက ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီ ဗိုလ်ချုပ်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ကွပ်မျက်ခဲ့တဲ့ လုပ်ရပ်အပေါ် ဂျပန်က အလေးအနက် စိတ်ပူကြောင်းလည်း တာကီရှီက ထုတ်ပြန်သွားပါတယ်။