တော်လှန်ရေးသည် ကျဆုံးနိုင်ငံသို့ ဦးတည်နေခြင်းမဟုတ် (ဘာသာပြန်ဆောင်းပါး)

စက်တင်ဘာ ၊ ၂၈

မြန်မာနိုင်ငံမှာ စစ်တပ်က စစ်ရေးအရ ရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံလာတဲ့အခါ အရင်လိုမျိုး ‘စစ်တပ်ဟာ ကျရှုံးဖို့ မဖြစ်နိုင်လောက်အောင် အားကောင်းလွန်းတယ်’ဆိုတဲ့ စကားသံတွေအစား ‘မြန်မာဟာ ကျရှုံးနိုင်ငံ၊ ဒါမှမဟုတ် အစိတ်စိတ် ပြိုကွဲတဲ့နိုင်ငံ ဖြစ်လာမှာ စိုးရိမ်ရတယ်’ဆိုတဲ့ ပြောဆိုမှုတွေဆီ ကူးပြောင်းလာပါတယ်။ လတ်တလောမှာ စောင့်ကြည့်လေ့လာသူ တော်တော်များများ၊ အထူးသဖြင့် ပြည်ပမှာ အခြေစိုက်သူတွေက မြန်မာရဲ့ လက်ရှိ ပဋိပက္ခတွေအလွန် ကာလတွေမှာ ကြုံလာနိုင်တာတွေကို စိုးရိမ်လောက်စရာ အခြေအနေတွေအဖြစ် သုံးသပ်လာပါတယ်။ စစ်တပ်ကသာ အာဏာကို ဆုပ်ကိုင်ထားနိုင်စွမ်း မရှိဘူးဆိုရင် မြန်မာဟာ ကျရှုံးနိုင်ငံ ဖြစ်သွားနိုင်ခြေ အရမ်းများပြီး ခုသာခံသာ အရှိဆုံး အခြေအနေမှာတောင် အစိတ်စိတ် ကွဲထွက်သွားနိုင်တယ်လို့ သူတို့က ပြောပါတယ်။ အဲဒီ အတွေးအခေါ်တွေဟာ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ဆီယာလီယွန်နဲ့ အီဂျစ်တို့လို နိုင်ငံတွေရဲ့ ဖြစ်ရပ်တွေအပေါ် ဥပမာပြု သုံးသပ်ပြီး မြန်မာဟာ စစ်တပ်အုပ်စိုးမှုအလွန်မှာ ဒီမိုကရေစီ စနစ်ကို စည်းစည်းလုံးလုံး ထူထောင်နိုင်မယ့် အခြေခံမျိုး မရှိသေးဘူးလို့ ထောက်ပြတတ်ကြပါတယ်။

မြေပြင်ပေါ်က အခြေအနေမှန်တွေနဲ့ နီးစပ်ထိတွေ့မှု မရှိတဲ့ သူတွေအတွက်တော့ အဲဒီ သုံးသပ်ချက်တွေဟာ ယုံကြည်ထိုက်တဲ့ သဘောမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေ ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ အခြေအနေတွေဟာ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို ပေးစွမ်းနိုင်တယ် ဆိုဦးတော့၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ သေချာပေါက် အလုံးစုံ ကိုးကားနေဖို့တော့ မလိုပါဘူး။ မြန်မာပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ အဲဒီလိုမျိုး အညှာအတာမဲ့လှတဲ့ ကြိုတင် မှန်းဆချက်ပေါင်း များစွာကို အန်တုရင်ဆိုင် ဖြတ်သန်းပြခဲ့ပြီး ဖြစ်ပါတယ်။ အစောဆုံး အဆင့်အနေနဲ့ လူထုဟာ ရရာလက်နက်တွေကို ကိုင်ဆွဲပြီး လက်နက် အလုံးအရင်း တပ်ဆင်ထားတဲ့ အမြဲတမ်း စစ်တပ်ကြီးကို တော်လှန်ခဲ့ပါတယ်။ အခုဆိုရင် တော်လှန်ရေး အစုအဖွဲ့တွေဟာ ၄ နှစ်တောင် မပြည့်တဲ့ အချိန်အတွင်း နိုင်ငံရဲ့ ၆၇ ရာခိုင်နှုန်းသော ဧရိယာ အကျယ်အဝန်းကို စစ်တပ် ထိန်းချုပ်မှု အောက်ကနေ လွတ်မြောက်စေခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီရဲ့ မကြာသေးခင်က အစီရင်ခံချက် တခုအရ သိရပါတယ်။ စစ်တပ်ရဲ့ အခြေအနေဟာ လူထုကို အကြောက်တရား ရိုက်သွင်းဖို့၊ တော်လှန်ရေး အင်အားစုတွေ အားလျော့သွားအောင် ဖြိုခွင်းဖို့အတွက် လေကြောင်း တိုက်ခိုက်မှုတွေကိုပဲ ပုံအောပြီး မှီခိုရတဲ့ အခြေအနေထိ ရောက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးချိန် ကတည်းက စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်တိုက် ကျူးလွန်ပြနေတဲ့တိုင်အောင် မြောက်မြားစွာသော မြန်မာပြည်သူတွေဟာ စစ်တပ် ကြီးစိုးမှုကို ငြင်းပယ်ရင်း စစ်တပ်ကို ဖယ်ရှားဖို့ စိတ်အားထက်သန်နေကြဆဲ ဖြစ်ပါတယ်။ အဲဒီ စိတ်ခွန်အားကို အခြေပြုပြီး ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာလည်း အရင်က မကြုံဖူးတဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေပြီး မြန်မာ့ နိုင်ငံရေး သွင်ပြင်လက္ခဏာ အပြောင်းအလဲတွေကို ဖော်ဆောင်ရာမှာ ကြီးမားတဲ့ အရွေ့မျိုး ပေါ်လွင်လာစေပါတယ်။ စစ်တပ်ရဲ့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မဟာဗျူဟာတွေဖြစ်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကို ဖိနှိပ် အမြတ်ထုတ်တာ၊ ဘာသာရေး အခြေပြု သွေးခွဲတာတွေကို စည်းလုံးတဲ့ တော်လှန်ရေး ဦးတည်ချက် တခုက ထက်ထက်သန်သန် တိုက်စားဖျက်ဆီးပစ်နေပြီ ဖြစ်ပါတယ်။ စုံလင်ကွဲပြားတဲ့ အစုအဖွဲ့တွေ ပါဝင်လာတဲ့ တော်လှန်ရေး အင်အားစုဟာ တူတူညီညီ ရုန်းကန်ရတဲ့ အခြေအနေတွေကြားမှာ ပိုပြီး ပေါင်းစုမိလာတယ်။ ဒီအခြေအနေဟာ စုံလင်ကွဲပြားတဲ့၊ ဖက်ဒရယ် အနှစ်သာရ ပြည့်ဝတဲ့၊ ဒီမိုကရေစီ ထွန်းကားတဲ့ အနာဂတ် မြန်မာနိုင်ငံဆီ ဦးတည်ဖို့ လမ်းကြောင်းတခုလည်း ဖြစ်လာပါတယ်။ နောက်ပြီး တော်လှန်ရေးရဲ့ ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်းကလည်း ပြည်သူလူထုဟာ သွေးခွဲမှု လမ်းဟောင်းတွေကို ဖောက်ထွက်ပြီး ဒီမိုကရေစီ အနာဂတ်တခုကို လိုလားနေတယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ပေါ်လွင်စေပါတယ်။

နိုင်ငံရေးသိပ္ပံ စံပြု နှိုင်းယှဉ်ချက်တွေဟာ အသုံးတည့်တဲ့ ပလက်ဖောင်းမျိုးတွေ ဖြစ်စေဦးတော့၊ ကွဲပြားတဲ့ နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေကြားက အတွေးအမြင်ပိုင်းနဲ့ လူမှုဝန်းကျင် အရွေ့တွေရဲ့ အရေးပါမှုကို ထည့်တွက်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန်၊ အီဂျစ်တို့နဲ့ မြန်မာကို နှိုင်းယှဉ်မယ်ဆိုရင် အရမ်းအရေးကြီးတဲ့ ကွာခြားချက်တွေကိုလည်း မဖြစ်မနေ ထည့်စဉ်းစားသင့်ပါတယ်။ ပြီးတော့ မြန်မာဟာ အပေါင်းလက္ခဏာ ပိုဆန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေနိုင်ပါတယ်။

မြန်မာနဲ့လစ်ဗျား

လစ်ဗျားနဲ့ မတူတာက ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေး ကာလမှာ လစ်ဗျားဟာ အစိတ်စိတ် ကွဲနေတဲ့ ပတ်ဝန်းကျင်မျိုးကနေ အမျိုးသား အစုအဖွဲ့တွေကို အောက်ခြေ အဆင့်ကနေ ထူထောင်ဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။ မြန်မာမှာတော့ ဒီမိုကရေစီ အထိုက်အလျောက် ထွန်းကားတဲ့ စီမံအုပ်ချုပ်မှု စနစ်မျိုး ဖြတ်သန်းဖူးပြီး ဖြစ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)တင် မကဘဲ ခိုင်မာတဲ့ နိုင်ငံရေး ပါတီတွေ ရှိနှင့်ပြီး ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေ အများအပြား ကွဲပြားနေပေမယ့် အဲဒီ အင်အားစု တော်တော်များများဟာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေမှာ ပါဝင်ထားကြဖူးပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကောင်း ရှိနေသလို ဒီမိုကရေစီ ကူးပြောင်းရေးအတွက် လိုအပ်တဲ့ အစုအဖွဲ့တွေလည်း ရှိနှင့်ပြီးသားပါ။ လစ်ဗျားလိုမျိုး အရာအားလုံး အောက်ခြေက စရမှာ မဟုတ်ပါဘူး။

မြန်မာနဲ့လိုက်ဘေးရီးယား

လိုက်ဘေးရီးယား ပြည်တွင်းစစ်ဟာ တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေကို မကျေနပ်စိတ်တွေ၊ လူ့မလိုင် အသိုက်အဝန်းရဲ့ လွှမ်းမိုးမှုတွေနဲ့ သယံဇာတလုပွဲတွေကြောင့် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခကတော့ ပြောင်းပြန်ပါ။ မြန်မာ့ တော်လှန်ရေးကို အဓိက မောင်းနှင်နေတဲ့ အကြောင်းတရားတွေကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်ရယ်၊ စစ်တပ်ကြီးစိုးမှုကို တွန်းလှန်ဖို့ရယ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံရေးအရ ကိုယ်ပိုင် စီမံပိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် စနစ်တွေဆီ ဦးတည်ပါတယ်။ နောက်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကြားဝင် တုံ့ပြန်မှုတွေဟာ အရေးယူ ပိတ်ဆို့မှုတွေ၊ လူသားရေးရာ ရှုထောင့်က စိုးရိမ်တာတွေအပေါ် အဓိက မူတည်ပြီး လိုက်ဘေးရီးယားမှာလိုမျိုး စစ်ရေးအရ စွက်ဖက်တာမျိုး မတွေ့ရပါဘူး။

မြန်မာနဲ့အီဂျစ်

၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးမှာ လူမှုအသင်းအဖွဲ့တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နောက်တော့ ၂၀၁၃ ခုနှစ် အာဏာသိမ်းမှု အပြီးကတည်းက အီဂျစ်ဟာ စစ်တပ် အကြီးအကဲဟောင်း သမ္မတ အက်ဘ်ဒဲလ်ဖာတား အယ်လ်စီစီရဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်မှုအောက် ကျရောက်သွားပါတော့တယ်။ အဲဒီ အခြေအနေနဲ့ ဆန့်ကျင်စွာပဲ မြန်မာ့ အရပ်ဖက် အင်အားစုတွေဟာ လက်ရှိ အချိန်ထိ အားကောင်းဆဲ၊ နိုးကြားတက်ကြွဆဲ ဖြစ်ပါတယ်။ ၂၀၂၁ မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစပြီး အဲဒီ အင်အားစုတွေရဲ့ အခန်းကဏ္ဍက ပိုပြီး တောက်ပလာပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ လွှတ်တော်အမတ်ဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားပြီး စစ်တပ်ကို စိန်ခေါ်တဲ့ အဓိက အတိုက်အခံ အင်အားစုအဖြစ် ထွက်ပေါ်လာပါတယ်။ အီဂျစ်နဲ့ မတူတာက မြန်မာနိုင်ငံရဲ့ စီမံအုပ်ချုပ်မှုကို ဖော်ဆောင်ရာမှာ အရပ်ဖက် အစုအဖွဲ့တွေက ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပြီး ပဋိပက္ခကာလအလွန် လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတွေကြား ရင်ကြားစေ့ရေးတွေကို အားပေး မြှင့်တင်လာကြဖွယ် ရှိပါတယ်။

မြန်မာနဲ့ဆီရာလီယွန်

ဆီရာလီယွန်ရဲ့ လူမှု အဖွဲ့အစည်းဟာ ပြည်တွင်းစစ် အတွင်းမှာရော၊ စစ်အပြီးမှာပါ အတော်လေး အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရော၊ နာလန်ပြန်ထူဖို့ အတွက်ပါ ပြည်ပအင်အားကို အတော်ကြီး မှီခိုခဲ့ရပါတယ်။ မြန်မာမှာတော့ ၂၀၂၁ အာဏာသိမ်းမှု အပြီးကတည်းက လူမှု အသင်းအဖွဲ့တွေရဲ့ အင်အားဟာ အားအကောင်းဆုံး ဖြစ်လာတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ စစ်တပ်ကြီးစိုးမှုကို တော်လှန်တဲ့ လှုပ်ရှားမှုတွေမှာ ဗဟိုချက်က ပါဝင်လာတယ်။ ပဋိပက္ခအလွန် အသွင်ကူးပြောင်းမှု ကာလမှာလည်း အဲဒီ လူမှု အသင်းအဖွဲ့တွေဟာ အချက်အခြာကျတဲ့ နေရာကနေ ဆက်ပြီး ပါဝင်ဖွယ် ရှိပါတယ်။ ဒါဟာ ဆီရာလီယွန်နဲ့ လုံးဝ မတူတဲ့ အခြေအနေပါ။ အဲဒီနိုင်ငံမှာတော့ ပြည်ပ အင်အားစုတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိက ကြီးမှူးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ စစ်တပ် ပြိုကျမှုအပြီး ဖြစ်လာမယ့် မြန်မာ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဲဒီနိုင်ငံတွေကို ဥပမာပေး ချဉ်းကပ်တာဟာ မသင့်တော်ပါဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေတွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ အားကောင်းမှုတွေ၊ တော်လှန်ရေး အင်အားစုတွေရဲ့ ခံယူချက်တွေကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် ပိုပြီး အကောင်းမြင်တဲ့ လမ်းကြောင်းဆီ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး နောက်ထပ် မတူညီတဲ့ အချက်တခုက မြန်မာပြည်သူတွေဟာ အားလုံးဆီကနေ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းပြပြ တောင်းဆိုတယ် ဆိုတာပါ။ အဲဒီထဲမှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)လို တော်လှန်ရေး အစုအဖွဲ့တွေ၊ လူမှု အသင်းအဖွဲ့တွေနဲ့ NUGတို့လည်း အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီး စစ်ကိုင်းနဲ့ တနင်္သာရီတို့လို ဒေသတွေမှာ ပျံ့နှံ့လာတဲ့ ရမ်းကားအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း တော်လှန်ရေး တပ်ပေါင်းစုတွေအပေါ် ဖိအားတွေက ပိုကြီးလာပါတယ်။

အာဏာမသိမ်းခင် ၁၀ နှစ်တာ အတောအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပွင့်လင်းလွတ်လပ်မှုတွေဆီ ဦးတည်ခဲ့သလို စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးမှုတွေလည်း မြန်ဆန် အားကောင်းလာခဲ့ပါတယ်။ အဲဒီ အခြေအနေကပဲ တော်လှန်ရေးအတွက် ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်လာပါတယ်။ နောက်ပြီး ဗြိတိသျှ ကိုလိုနီခေတ် ကတည်းက အခြေပြု ဆင်းသက်လာတဲ့ အစုအဖွဲ့တွေက ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းကို ဆက်လက် ပြသနေပြီး EAOတွေဖက်ကို ကြည့်ရင်လည်း အရှုပ်အထွေးတွေ ဖြစ်မယ့်အစား ဒေသအလိုက်နဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေး စွမ်းရည်တွေ ပိုင်ဆိုင်တယ် ဆိုတာကို သက်သေထူလာနေပါတယ်။

နိုင်ငံရေးအရ တန်းတူညီမျှ ရှိခွင့်ဆိုတာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်လောက် ဆွေးနွေးလာခဲ့တဲ့ ခေါင်းစဉ်တခုပါ။ အခုတော့ အဲဒီအကြောင်းအရာကို ပြည်တွင်းမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခရဲ့ အဓိက လက်သည်ဟာ အာဏာသိမ်း စစ်တပ်ဖြစ်ပါတယ်။ မလိုလားအပ်တဲ့၊ ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေကို စစ်တပ်က ကျူးလွန်ခဲ့ခြင်းဟာလည်း တော်လှန်ရေး စနက်တံကို မီးရှို့ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ အကြောင်းတရားတွေဟာ အာရပ် နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေနဲ့ အများကြီး ကွာခြားပါတယ်။ အဲဒီနိုင်ငံတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ပင်ကို စေ့ဆော်မှု သဘောတရားတွေပေါ် ပိုပြီး အခြေပြုပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေက အရမ်း ကြီးမားနေတယ် ဆိုဦးတော့၊ မြန်မာဟာ သစ်လွင်တဲ့၊ ဖက်ဒရယ် အနှစ်သာရ ပြည့်ဝတဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာဖို့ ယုံကြည်လောက်စရာ အလားအလာတွေလည်း ပိုင်ဆိုင်ထားတာ သေချာပါတယ်။

(The Diplomat၏ Myanmar is Not About to Become a ‘Fractured’ State ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)