စစ်ကောင်စီ လူသားတံတိုင်းကြားပိတ်မိနေတဲ့ ပြည်သူတွေ

စက်တင်ဘာ ၊ ၂၆

တိုက်ပွဲကာလ ဆယ်လအတွင်းမှာပဲ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက အများစု(ဆယ် မြို့နယ်)ကို လက်လွှတ်ထားရပြီဖြစ်တဲ့ စစ်ကောင်စီဟာ နောက်ထပ်မြို့နယ် အချို့ကိုပါ ထပ်မံလက်လွှတ်ရဖို့ နီးစပ်လို့ လာနေပါတယ်။

မြို့တွေ တခုပြီးတခုလက်လွှတ်၊ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီဟာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ် မပြင်းထန်သေးတဲ့ မြို့တွေမှာ ခံစစ်အခိုင်အမာလုပ်နေသလို အရပ်သားတွေကို မြို့ထဲ ပိတ်လှောင်ကာ လူသားဒိုင်းကာလုပ်ဖို့ ပြင်ဆင်တာတွေလည်း ဆက်တိုက် ရှိလာနေတာပါ။

၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှာ ထိုးစစ်စခဲ့တဲ့ AA ဟာ ချင်းပြည်နယ် ပလက်၀၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထားကာ မောင်တောမြို့ကို အပြီးသတ်သိမ်းနိုင်ဖို့လည်းလက်တကမ်းသာ (နောက်ဆုံးလက်ကျန်စခန်း နခခ ၅ တခုသာကျန်) လိုတော့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်တွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ ကျောက်ဖြူမြို့နယ်တို့ အားလုံးကိုလည်း ဆက်လက်သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပြီး စစ်တွေ၊ ဂွ၊ အမ်းမြို့နယ်တို့မှာ တိုက်ပွဲအချို့စရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ တစိတ်တပိုင်း ထိန်းချုပ်နိုင်သေးတဲ့ အဲဒီလက်ကျန်မြို့တွေမှာ ခံတပ်စခန်းသစ်တွေနဲ့အတူ အရပ်သားတွေကို အကာအကွယ်အဖြစ် အသုံးချ ဒိုင်းကာလုပ်ဖို့ ပြင်ဆင်၊ ကြိုးစားနေတာလို့ ဒေသတွင်း စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ခံစစ်တခုတည်း လုပ်တာမဟုတ်ဘူး၊ လူသားဒိုင်းကာပါ လုပ်ဖို့ပြင်နေတာ၊ တိုက်ပွဲဖြစ်လာရင် အရပ်သားတွေကို အကာအကွယ်ယူမယ်၊ ဓါးစာခံလုပ်မယ်၊ အဲဒီလို ကြံနေတာ”လို့ ဒေသတွင်းစစ်ရေးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ပေါက်တော၊ မောင်တောမြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က အရပ်သားတွေကို ဓါးစာခံဖမ်းဆီး၊ ပိတ်လှောင်ထားခဲ့တာကြောင့် AA က ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကာ မြို့တွင်းတိုက်ပွဲရှည်ကြာခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးတာပါ။

“ပြည်သူလူထုကို ဓါးစာခံလုပ်ထားရင် မြန်မြန်ဆန်ဆန်တိုက်ဖို့ ခက်တယ်လေ၊ စစ် ဆင်ရေးနှောင့်နှေးတာပေါ့၊ သူတို့က အဲလိုဖြစ်အောင်လည်း လုပ်တတ်တယ်” လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြည်နယ်စစ်ကောင်စီအဖွဲ့၀င်တွေ နေထိုင်ပြီး ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် အခြေစိုက်တဲ့မြို့တော် စစ်တွေမှာ ဆိုရင်လည်း မြို့ပတ်လည်ရွာတွေမှ ပြည်သူတွေကို နှင်ထုတ်ကာ စစ်စခန်းချထားသလို မြို့တွင်းထဲ၀င်ရောက်၊ ဆိုက်ကပ်နိုင်တဲ့ မြစ်ကမ်း၊ ချောင်းကမ်းတွေ တလျောက်မှာလည်း မိုင်းတွေ ထောင်ထားပါတယ်။

စစ်တွေမြို့အနီးပတ်လည်ရှိ ရွာပေါင်း ၁၆ ရွာထက်မနည်းကပြည်သူတွေကို စစ်တွေမြို့တွင်းထဲသို့ အတင်းအကြပ် ရွေ့ပြောင်းပြီး အဲဒီရွာတွေမှာ စစ်စခန်းအခိုင်အမာချ နေထိုင်နေကြတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေမြို့နယ် ရွှေပြည်သာနဲ့ ကျေးတောရွာတို့မှ ပြည်သူတွေကို မြို့တွင်းထဲ မပြောင်းမနေရပြောင်း ရွေ့စေခဲ့ပါသေးတယ်။

“တခြား နေရာတွေကို သွားလို့မရဘူး၊ (စစ်တွေ)မြို့ထဲကိုပဲ သွားခိုင်းတယ်”လို့ စစ်တွေမြို့တွင်းသို့ အတင်းအကြပ် ရွေ့ပြောင်းခံခဲ့ရတဲ့ ကျေးတောရွာသားတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့ကမ်းနားလမ်း(ရှူခင်းသာ)တလျှောက်မှာလည်း သံတိုင်၊ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာရံထားပြီး မြို့တွင်းလမ်းဆုံ၊ လမ်းခွတွေ ၀ငျပေါကျ၊ ထွက်ပေါက်တွေမှာ ဂိတ်တွေ ချကာ လူအ၀င်အထွက်အားလုံးကို ပိတ်ထားပါတယ်။ 

“ခြံကာရုံမကဘူး၊ မိုင်းတွေပါထောင်ထားတယ်၊ သေချင်ရင်၊ အင်္ဂါ (ခြေပြတ်၊ လက်ပြတ်)မပျက်ချင်ရင် အောက် (ကမ်းစပ်ကို)ဆင်းကြတဲ့ ပြောထားသေးတာ ၊ ပြေးစရာ အပေါက် မရှိဘူး”လို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

အလားတူပဲ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ လည်ပတ်နေသေးတဲ့ ကျောက်ဖြူမြို့မှာလည်း မြို့ပတ်လည် ဆိပ်ကမ်းတွေနဲ့ မြို့၀င်ပေါက်တွေမှာ ဂိတ်တွေ တိုးချကာ လူအ၀င်အထွက်ကို တင်းကြပ်၊ တားမြစ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“နယ်က မြို့ထဲ ဆေးကုဖို့လာရင်တောင် ထွေအုပ်ကို စာတင်ရတယ်၊ ထွေအုပ်ကတဆင့် ဗျူဟာမှူးဆီပို့၊ သူတို့ခွင့်ပြုမှ လာရတာ၊ လေး၊ ငါးရက် ကြာတယ်၊ မြို့ထဲကထွက်ရဖို့တော့ မလွယ်ဘူး”လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့သို့ လာရင် စက်လှေတွေ ဆိုက်ကပ်ကြတဲ့ ပြင်ဖြူမော်ကနေ ငလပွေ့ဆိပ်ကမ်းထိ ကမ်းနားတလျောက်ကိုလည်း ခြံစည်းရိုးကာဖို့ စီစဉ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ခြံကာဖို့ ကန်ထရိုက်တောင် ပေးပြီးသွားပြီကြားတယ်၊ သံတွေလည်း ရောက်နေပြီ”လို့ ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ တောင်ကုတ်၊ အမ်း၊ ဂွမြို့တို့မှာလည်း မြို့တွင်း လူအ၀င်အထွက်တွေကို ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိက သူတို့ လူသားဒိုင်းကာအဖြစ် အသုံးချချင်တာလည်း ပါတာပေါ့။ ပြီးတော့ ULA/AA နဲ့ အဆက်အသွယ် ဖြတ်တောက်ထားချင်ပုံရတယ်”လို့ ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

အဲဒီလို မြို့တွင်းအ၀င်အထွက် ကန့်သတ်၊ တားမြစ်ထားတာကြောင့် တိုက်ပွဲတွေ မြို့အနီးရောက်လာခဲ့ချိန် တိမ်းရှောင်ဖို့ ထွက်လမ်းမရှိဘဲ ပိတ်မိနေမှာကို တွေးပူနေရတယ်လို့ စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ မြို့တွေမှာ ပိတ်မိနေသူတွေက ပြောပါတယ်။

“ထွက်ပေါက်က တပေါက်ပဲ ရှိတာ၊ အကုန် ရေပတ်လည်လေ၊ စစ်တပ်ကလည်း ပတ်ပတ်လည် နေရာယူ ထားတယ်”လို့ ကျောက်ဖြူမြို့ အရာရှိရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရွာလုံးကျွတ် စစ်တွေမြို့တွင်းထဲ အတင်းအဓမ္မ ရွေ့ပြောင်းခံထားရတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးကလည်း အခုလို ပြောပါတယ်။

“တခုခုဖြစ်လာရင် ထွက်လမ်းမရှိ၊ လှောင်ထားတဲ့ ကြက်လိုပဲ၊ မြို့ထဲမှာ အကျယ်ချုပ် ချခံထားရတာ”

စစ်ကောင်စီဟာ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပေး၊ ပိတ်လှောင်ထားသလို ဧည့်စာရင်းအကြောင်းပြကာ အမျိုးသမီး၊ ကလေးတွေပါမချန် ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

“စစ်ကြောင်းက နေ့တိုင်းထွက်တယ်၊ ပြီးရင် ဖမ်းချင်တဲ့သူ ၀ငျဖမျးသှားတယျ”လို့ တောင်ကုတ်မြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

အဲဒီမြို့တွေမှာ လူအ၀င်အထွက်အပြင် စားနှပ်ရိက္ခာ၊ ကုန်စည်၊ ဆေးဝါး တင်သွင်း၊ သယ်ယူခွင့်တွေကိုလည်း ပိတ်ထားတာကြောင့် ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့အတူ နောက်ဆက်တွဲ အငတ်ဘေးနဲ့ပါ ကြုံနေကြရတာပါ။

စစ်တွေအပါအ၀င် စစ်ကောင်စီလက်အောက် ရှိနေဆဲ မြို့အချို့မှာ ဆန်တအိတ်ကို နှစ်သိန်းဝန်းကျင်၊ မီးသွေးတအိတ် ငါးသောင်း၀န်းကျင်၊ ပါရာစီတမော့ တကဒ် ငါးထောင်၀န်းကျင်ထိ ရှိနေပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေလည်း ၀ယျစရာ ရှာမရတဲ့အထိ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီလုပ်ရပ်တွေဟာ ရခိုင်တပြည်လုံးသိမ်းပိုက်သွားမယ်လို့ ကြေငြာပြီး စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နေတဲ့ AA ထိုးစစ်အပေါ် စစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ပြင်ဆင်မှုတွေ ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

“ သူတို့(စစ်ကောင်စီ) နောက်ဆုံးခံစစ်အနေနဲ့ ပြင်ဆင်တာဖြစ်တယ်”လို့ သူက ဆိုပါတယ်။

အခုလို အရပ်သားပြည်သူတွေကို အ၀င်အထွက် ကန့်သတ်၊ ပိတ်ပင်၊ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ ဂျီနီဗာကွန်ဗင်းရှင်းတို့ကို ချိုးဖောက်နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ ဝိုင်း၀န်း ဟန့်တားကြဖို့ လိုအပ်တယ်လို့လည််း ရခိုင်ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။

“နေရာတိုင်းမှာ စစ်ရှုံးနေတော့ စစ်ကို စစ်နဲ့တူအောင်မတိုက်ဘဲ ပြည်သူတွေကို ဒုက္ခပေးနေတယ်၊ ဒါဟာ စစ်ကောင်စီရဲ့ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တခု ဖြစ်တယ်၊ ဒါတွေကို ရပ်ဖို့လိုတယ်လို့ ပြောလိုတယ်”လို့ ရခိုင်ဒေသခံလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။