ဇူလိုင် ၊ ၆
ရွေးကောက်ပွဲမှာ အခြေအနေဆိုးတွေ ကြုံတွေ့ခဲ့တဲ့နောက် ရီရှီဆူနက်ခ်ဟာ ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေရော၊ ကွန်ဆာဗေးတစ် ပါတီရဲ့ အကြီးအကဲ ရာထူးကပါ နုတ်ထွက်သွားခဲ့ပါတယ်။
အခုသီတင်းပတ် ရွေးကောက်ပွဲမှာ အာဏာရ ကွန်ဆာဗေးတစ် ပါတီဟာ သမိုင်းတလျှောက် စွမ်းဆောင်ရည် အညံ့ဆုံး စံချိန်မှတ်တမ်း တခုကို ပိုင်ဆိုင်ခဲ့ရပြီး အဓိက ပြိုင်ဘက် လေဘာပါတီက သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာတော့ ဆူနက်ခ်က ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ် နေအိမ်မှာ သူ့ရဲ့ နုတ်ထွက်မှုကို အတည်ပြု ကြေညာခဲ့ပြီး သူဟာ မဲဆန္ဒရှင်တွေရဲ့ ဒေါသ၊ စိတ်ပျက်မှုနဲ့ အပြောင်းအလဲကို လိုလားစိတ်တွေကို ပြန်လည် နားလည် ကြားသိခဲ့ပါတယ်လို့ ပြောကြားသွားပါတယ်။
ပထမဆုံး အနေနဲ့ နိုင်ငံနဲ့ ပြည်သူတွေကို သူ့အနေနဲ့ တောင်းပန်လိုကြောင်း၊ ဝန်ကြီးချုပ် ဘဝမှာ သူဟာ ရှိသမျှကို ပုံအော ပေးဆပ်ခဲ့ပေမယ့် ပြည်သူ့ဆန္ဒက ဗြိတိန်ရဲ့ အစိုးမှာ အပြောင်းအလဲ ဖြစ်ဖို့ လိုအပ်နေပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေကြောင်း၊ ဒီကိစ္စမျိုးတွေမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကသာ အခရာကျကြောင်း၊ လူထုရဲ့ ဒေါသ၊ စိတ်ပျက်မှုတွေကို ပြန်လည် ကြားသိခဲ့ရပြီး ကွန်ဆာဗေးတစ်ရဲ့ အရှုံးအတွက် သူဟာ အပြည့်အဝ တာဝန်ယူရမှာဖြစ်ကြောင်း ဆူနက်ခ်က ပြောဆိုသွားပါတယ်။
ဆူနက်ခ်က ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့တဲ့ လေဘာပါတီ ခေါင်းဆောင်၊ ဝန်ကြီးချုပ်သစ် ကီရာ စတာမာကိုလည်း ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။
ကွန်ဆာဗေးတစ် ပါတီဟာ ဗြိတိန်မှာ ၁၄ နှစ်ကြာ အာဏာရခဲ့ရာကနေ ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် အတော်ဆိုးဆိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပါတီဟာ အမတ်နေရာ ၁၃၀ ဝန်းကျင်သာ ရရှိခဲ့ပြီး တဖက်မှာတော့ လေဘာပါတီက အမတ်နေရာ ၄၁၀ ထက်မနည်း ရရှိမယ်လို့ ကနဦး မဲရလဒ်တွေက ညွှန်ပြနေပါတယ်။
ဆူနက်ခ်က ကွန်ဆာဗေးတစ် ပါတီဟာ အခုအခါမှာတော့ ကွဲပြားတဲ့ မူဝါဒတွေ၊ ချဉ်းကပ်ပုံတွေနဲ့အတူ ပြန်လည် တည်ဆောက်ရင်း အတိုက်အခံ ပါတီအဖြစ် ပီပီပြင်ပြင် ရပ်တည်ပြဖို့ လိုနေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။
သူက ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ အမတ်လောင်းတွေ၊ မဲဆွယ်မှုတွေမှာ ကူညီခဲ့သူတွေကိုလည်း အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး မဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ပါတီခေါင်းဆောင် အနေနဲ့ တောင်းပန်သွားခဲ့ပါတယ်။
သူ့ရဲ့ ဝန်ကြီးချုပ်ဘဝ ၂ နှစ်တာ ဝန်းကျင် ကာလအတွင်း စီးပွားရေးနဲ့ ဘဏ်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ယူကရိန်းရဲ့ ခုခံစစ်ပွဲမှာ ထဲထဲဝင်ဝင် ကူညီခဲ့တာတွေ အပါအဝင် မူဝါဒရေးရာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး အဲဒီအတွက် အမြဲတမ်း ဂုဏ်ယူနေမယ်လို့လည်း ဆူနက်ခ်က ဆိုပါတယ်။
သူဟာ ဗြိတိန်ရဲ့ ပထမဆုံး အာရှဖွား ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်းနဲ့ ပတ်သက်လို့လည်း ထူးကဲပြီး အံ့ဩစရာ အချိုးအကွေ့ တခုလို့ ညွှန်းဆိုသွားပါတယ်။ နောင်တချိန်မှာ သူ့ရဲ့ သမီးငယ် နှစ်ယောက်ကလည်း ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် နေအိမ်မှာ ဒေပဝါလီ ဖယောင်းတိုင်ကို မီးညှိနေတဲ့ အခိုက်အတန့်မျိုး မြင်ရဖို့ မျှော်လင့်ကြောင်း ဆူနက်ခ်က ပြောကြားသွားပါတယ်။
Ref: Guardian