တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မူဆက်တိုက်ပြုလုပ်


Photo – Social Media (စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့လင်းသီကျေးရွာ)

ဇွန်၊ ၃၀

အခြေစိုက်တပ်ရင်းဌာနချုပ်တွေအားလုံး လက်လွှတ်ရဖို့ လက်တကမ်းသာလိုတော့တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာတွေ ရက်ဆက်ရှိနေပြီး အရပ်သားသေဆုံး ဒဏ်ရာရမှုလည်း တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၂၉ ရက်နေ့ကလည်း သံတွဲမြို့အနီး၀န်းကျင်၊ ရွှေချောင်းပြင်ရွာအနီး၀န်းကျင်နဲ့ ငပလီကမ်းခြေတဝိုက် လေကြောင်းဗုံးကြဲတာတွေ ရှိခဲ့ပြီး အမျိုးသမီးတဦးအပါအ၀င် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ တောင်ကုတ်ဘက်ကနေ သံတွဲမြို့အ၀င် မြို့စွန်ရပ်ကွက်မှ ဖြစ်ကြပြီး နေအိမ်အပျက်အစီးတွေလည်း ရှိတယ်လို့ သံတွဲမြို့ခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ပေါင်ငါးရာ ဗုံးတွေချည်းပဲ ချတာ၊ မနေ့ကတရက်တည်းမှာ အလုံးဆယ်ကျော်တယ်၊ ဒီနေ့လည်း ငပလီဖက်မှာ ချနေတယ်”လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ၀နျးရံပိတျဆို့တိုကျခိုကျခံနရေတဲ့ ငပလီကမ်းခြေရှိ ခလရ ၅၅ တပ်ရင်း အနီး၀န်းကျင်ကျေးရွာတွေမှ နေအိမ်တွေလည်း ပျက်စီးတာတွေ ရှိတယ်လို့ သံတွဲဒေသခံတွေက ပြောကြပါတယ်။

“လေယာဉ် လာမပစ်တဲ့ရက် မရှိဘူး၊ လူတွေ သိပ်မကျန်တော့ဘူးဆိုတော့ လူ အထိအခိုက်မရှိဘူး၊ အိမ်တွေ အများကြီး ပျက်တယ်၊ မပျက်လည်း သူတို့ (စစ်ကောင်စီတပ်) ဖောက်ယူတယ်” လို့ ငပလီကမ်းခြေ ဂျိတ်တောရွာမှ တိမ်းရှောင်လာသူတဦးက ပြောပါတယ်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ မြို့နယ်မြောက်ပိုင်း၊ လေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းတို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ အာရက္ခတပ်တော်(AA)ဟာ နောက်ဆုံးလက်ကျန် အခြေစိုက်တပ်ရင်း ခလရ ၅၅ ကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ AA ဟာ ခလရ ၅၅ တပ်ရင်းကိုလည်း ၀နျးရံပိတျဆို့ကာ ဒရုန်း၊ လက်နက် ကြီးတွေနဲ့ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကတော့ တပ်ရင်းထဲ ခံစစ်အခိုင်အမာလုပ်နေတယ်လို့ မြေ ပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

“အာရက္ခတပ်တော်က ၀ိုငျးပွီး ဒရုန်းတွေနဲ့ ချနေတော့ အပြင်ထွက်မတိုက်ရဲကြတော့ဘူး၊ အထဲမှာပဲ စုခံနေတယ်” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ငပလီကမ်းခြေတိုက်ပွဲတုန်းက ခလရ ၅၅ တပ်ရင်းကို ဂျိတ်တောဆိပ်ကမ်းကနေတဆင့် အင်အား၊ လက်နက်ဖြည့်တင်းတာတွေ လုပ်ခဲ့ပေမယ့် အခု AA ရဲ့ ဝိုင်းရံပိတ်ဆို့ခံနေရချိန်မှာတော့ တပ်ရင်းဆီ အင်အားဖြည့်ဖို့အဆင်မပြေတော့ဘူးလို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

“အင်အားထပ်ဖြည့်လို့မရတော့ဘူး၊ ဂျိတ်တောမှာပဲ စခန်းသစ်ထပ်ချနေတယ်” လို့ သူက ဆိုပါတယ်။

ငပလီကမ်းခြေတပ်ရင်းတွေနဲ့ သံတွဲမြို့ပေါ်သို့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုလည်း AA က ထိန်းချုပ်ထားတာမို့ စစ်ကောင်စီတပ်ဟာ ကုန်းလမ်းကနေ အင်အားဖြည့်လို့မရတော့ဘဲ ရေကြောင်းနဲ့ လေကြောင်းတို့ကိုပဲ အားကိုးနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ပုံစံ – စစ်​ဘေးရှောင် သံတွဲဒေသခံတွေ/လူသူကင်းမဲ့နေတဲ့သံတွဲမြို့

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၅၅ တပ်ရင်း၊ သဗြုချိုင်ရေတပ်စခန်းနဲ့ မြို့ပေါ် အင်အားအနည်းငယ်တို့သာ ကျန်တော့ပြီး မြို့အနီး၀န်းကျင်မှာလည်း တိုက်ပွဲအချို့ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇွန်လ ၂၉ ရက်နေ့ကလည်း သံတွဲမြို့အနီး တနာရီ၀န်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

အခုအခါ သံတွဲမြို့ပေါ် ကုန်းမြင့်နေရာတွေနဲ့ မြို့ပတ်လည်အ၀င်အထွက်တွေမှာ စစ်ကောင်စီတပ်သား တရာ၀န်းကျင် ရှိနေပြီး ဌာနဆိုင်ရာ၀န်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေကတော့ ဂွမြို့ဆီ ပြောင်းရွေ့တိမ်းရှောင်သွားကြပြီလို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတတပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် သံတွဲမြို့ပေါ်၊ မြို့အနီး၀န်းကျင်နဲ့ ငပလီကမ်းခြေတလျောက်ကျေးရွာတွေမှ ထောင်ချီတဲ့ ဒေသခံတွေဟာ ဘေးလွှတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ဒေသတွင်းစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအတွက် ဆန် အရေးတကြီးလိုအပ်နေပြီး အလွယ်တကူ၀ယ်မရဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့တဲ့ AA ဟာ တိုက်ပွဲကာလခုနှစ်လကျော်အတွင်း ရခိုင်ပြည် နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးပိုပါ ထပ်မံသိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့မြိုနယ်ဟာ သံတွဲမြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွနဲ့ ကျွန်းမြို့ဖြစ်တဲ့မာန်အောင်မြို့နယ်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။