မော်ရိုကို နိုင်ငံသား YouTuberတဦး ရွှေတြိဂံဒေသ မြန်မာပိုင်နက်မှာ ပျောက်ဆုံးနေ

 ဇွန်၊ ၆

 မော်ရိုကို နိုင်ငံသား YouTuber တဦးဟာ ရွှေတြိဂံ ဒေသနဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံ ပိုင်နက်ထဲကို စက်ဘီးစီး ဝင်ရောက်သွားပြီး ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီဒေသနဲ့ ဆက်စပ်ရာ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ မော်ရိုကို နိုင်ငံသားတချို့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မှတ်တမ်း ဗီဒီယို ဖန်တီးဖို့အတွက် အဒမ် တော်ဖစ်က ရွှေတြိဂံ နယ်မြေဆီ သွားရောက်ခဲ့တာလို့ အာရပ် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

မော်ရိုကို သတင်းဌာန တခုဖြစ်တဲ့ Hespressက ပြည်တွင်း YouTube သုံးစွဲသူတွေကြားမှာ လူသိများတဲ့ တော်ဖစ်ဟာ မေလ ၂၃ ရက်နေ့မှာ မိသားစုနဲ့ နောက်ဆုံးအကြိမ် အဆက်အသွယ် ရခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီတုန်းက သူဟာ ဗီယက်နမ်မှာ ရှိနေပြီး လာအိုကို ခရီးဆက်မယ့်အကြောင်း တော်ဖစ်က ဖခင်ကို အသိပေးခဲ့ပါတယ်။

သူဟာ ခရီးထွက်တိုင်း မိသားစုကို အမြဲမပြတ် ပုံမှန် အဆက်အသွယ် လုပ်လေ့ရှိပြီး အခုလို ရက်ရှည် ပျောက်ဆုံးနေတာကြောင့် မိသားစုက အရမ်းစိတ်ပူနေတယ်လို့လည်း သိရပါတယ်။

တော်ဖစ် ပျောက်ဆုံးမသွားခင် ဗီယက်နမ်မှာ အတူရှိနေခဲ့တဲ့ နောက်ထပ် မော်ရိုကို YouTuber တဦးဖြစ်သူ အမ်ဂျက်ဒ် ရာမီက တော်ဖစ်ဟာ ရွှေတြိဂံ ဒေသဆီ သွားရောက်မယ့်အကြောင်း သူ့ကို အသိပေးသွားတယ်လို့ ဆိုပါတယ်။

ရွှေတြိဂံ ဆိုတာဟာ လာအို၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ နယ်နိမိတ်တွေ ထိစပ်တဲ့ ဧရိယာဖြစ်ပြီး လက်နက်ကိုင် ဂိုဏ်းဂဏတွေ အခြေစိုက် လှုပ်ရှားနေပါတယ်။ အဲဒီဒေသကို သွားရောက်တဲ့ နိုင်ငံခြားသားတွေဟာ သူတို့ရဲ့ ပတ်စ်ပို့တွေ သိမ်းယူခံရတာမျိုး ကြုံတွေ့လေ့ ရှိပါတယ်။

သတင်းတွေအရ မော်ရိုကို နိုင်ငံသား ၁၄၀ ကျော်လောက်ဟာ အလုပ်အကိုင် ကောင်းကောင်း ရရှိမယ်လို့ မက်လုံးပေး ဆွဲဆောင်ခေါ်ယူ ခံရပြီးတဲ့နောက် ရွှေတြိဂံ ဒေသမှာရှိတဲ့ လက်နက်ကိုင် ဂိုဏ်းဂဏတွေရဲ့ ဖမ်းဆီး ပြန်ပေးဆွဲမှုနဲ့ ကြုံတွေ့ထားရတယ်လို့ သိရပါတယ်။ တချို့ သတင်းဌာနတွေကတော့ အဲဒီ မော်ရိုကို နိုင်ငံသားတွေဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တနေ့ကို ၁၂ နာရီလောက်ကြာအောင် ဖိအားပေး ခိုင်းစေ ခံနေရတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းတွေက အဲဒီ မော်ရိုကို နိုင်ငံသားတွေကို နှိပ်စက်လေ့ရှိသလို ပြန်လွှတ်စေချင်ရင် ဒေါ်လာ ၁၀၀၀၀ ကျော် ပေးရမယ်လို့ မိသားစုကို အကျပ်ကိုင် တောင်းဆိုထားကြောင်းလည်း Hespressက ဖော်ပြထားခဲ့ပါတယ်။

Ref: New Arab