ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားတပ်တွေ ဆက်တိုက် ချီတက် ထိုးဖောက်လာမှုကြောင့် ဒေသခံတွေ စိုးရိမ်နေ

မတ် ၊ ၇

ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေဟာ အရှိန်မြှင့်လာမယ့် ယူကရိန်းရဲ့ ထိုးစစ်သစ်တွေအတွက် အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

 ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း အရှေ့ပိုင်းမှာ ရှေ့တိုးချီတက်လာရင်း နယ်မြေတွေကို ဆက်တိုက် သိမ်းယူနေပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းက ဒေသတွင်းမှာ အချက်အခြာကျတဲ့ အက်ဒစ်ဗ်ကာမြို့ကို ယူကရိန်းတပ်တွေ လက်လွှတ်လိုက်ရတဲ့နောက်ပိုင်း ရုရှားရဲ့ ထိုးစစ်က တောက်လျှောက် ရှေ့တိုးလာနေတယ်လို့ ဆိုပါတယ်။

 ဖေဖော်ဝါရီ လကုန်ထိ အခြေအနေအရ ရုရှားတပ်တွေဟာ အက်ဒစ်ဗ်ကာရဲ့ အနောက်ဖက် ၅ ကီလိုမီတာ အကွာမှာရှိတဲ့ အော်လစ်ဗ်ကာနဲ့ ဘာဒီချီ ဆင်ခြေဖုံး ဧရိယာတွေထဲထိ ထိုးဖောက် နေရာယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

 ဒေသခံ ယူကရိန်း ပြည်သူတွေကတော့ ရုရှားတပ်တွေက နယ်မြေတွေ သိမ်းယူပြီး အနိုင်ကျင့် ဖိနှိပ်မှုတွေ လုပ်ဆောင်လာမှာကို စိတ်ပူနေကြပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ရင် အက်ဒစ်ဗ်ကာမြို့ကို မသိမ်းပိုက်နိုင်ခင်ထိ ရုရှားဟာ စုစုပေါင်း ၄ လတာအတွင်း အရင်းအမြစ်တွေ ပုံအောသုံးစွဲခဲ့တာတောင် ၉ ကီလိုမီတာလောက်ထိပဲ ရှေ့တိုးပြီး နယ်မြေတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီမြို့ ကျဆုံးသွားပြီးတဲ့နောက် ၃ ပတ်အတွင်း ယူကရိန်းက ၅ ကီလိုမီတာလောက် နောက်ဆုတ်ပေးလိုက်ရတဲ့ သဘော ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့နှစ် မေလတုန်းက ရုရှားတပ်တွေ ဒွန်းညက်စ်ခ် ဒေသထဲက နောက်ထပ် မြို့တခုဖြစ်တဲ့ ဘက်ခ်မတ်ကို သိမ်းယူခဲ့ပြီး အဲဒီနောက်ပိုင်း လအတော်ကြာ ကာလတွေအတွင်း အက်ဒစ်ဗ်ကာ မြို့သိမ်းတိုက်ပွဲဟာ ရုရှားရဲ့ အကြီးမားဆုံး အောင်ပွဲ ဖြစ်လာပါတယ်။

 ယူကရိန်း အစိုးရကတော့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက် အထောက်အပံ့တွေ ရပ်ဆိုင်းနေမှုဟာ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်တွေကို အကြီးအကျယ် ဒုက္ခရောက်စေတယ်လို့ ဝန်ခံထားပြီး စစ်လက်နက်တွေ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုနေပါတယ်။ နိုင်ငံ အရှေ့ဖျား ဒေသတွေမှာ ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ရင်း ရန်သူ့ ထိုးစစ်ကို ခုခံနေဆဲ ဖြစ်တယ်လို့ အဲဒီဧရိယာက ခံစစ်အခင်းအကျင်းကို တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး အီလ်ယာ ယက်ဗ်လက်ရှ်က ဆိုပါတယ်။

ရုရှားကတော့ နေ့စဉ်ရက်ဆက် စစ်မြေပြင်မှာ အသာစီး ရနေပြီး ယူကရိန်း နယ်မြေတွေကို ရှေ့တိုး သိမ်းယူနေနိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။

ရုရှားဟာ ထိန်းချုပ်နယ်မြေ ခရိုင်းမီးယားမှာ လောလောလတ်လတ် စစ်သင်္ဘောတစီး ယူကရိန်း ဒရုန်းလက်ချက်မိလို့ ဆုံးရှုံးထားပေမယ့်လည်း ယူကရိန်း အရှေ့ပိုင်း စစ်မျက်နှာတွေမှာတော့ အသာစီး အနေအထားမျိုးကို တဖြည်းဖြည်း ရယူလာနေနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

 Ref: AP