ထားဝယ် ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲ လက်နက်ကြီးကျည်ကျ

မတ်၊ ၅
 
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ နာမည်ကြီးတဲ့ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို မတ်လ ၄ ရက်၊ မနေ့က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတဲ့အပြင် ရွာခံနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“(ရှင်ဓာတ်ဝင်)စေတီကိုတော့ မထိဘူး၊ စေတီနံဘေးက ဓမ္မာရုံကိုထိပြီး ပျက်စီးကုန်တာ” လို့ မောင်မယ်ရှောင်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်မြို့နဲ့ ခြောက်မိုင်ခန့်အကွာ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲဘုရားဝင်းနဲ့ အနီးရှိ သာသနာသီရိ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် တလုံးစီ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
 
အဲလို ကျရောက်ပေါက်ကွဲတာကြောင့် ဘုရားမှာ အလှူငွေ စာရင်းကိုင်အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသမီးတဦးနဲ့ အသက် ၃၀ ဝန်းကျင် နောက်ထပ် ဒေသခံ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ယောက်စလုံး ထားဝယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။
 
ထားဝယ်မြို့ အနီးမှာရှိတဲ့ ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်က မောင်မယ်ရှောင်ရွာဘက်ကို အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မတိုင်ခင်ကလည်း မကြာခဏ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုကြပါတယ်။
 
“ရွာသားတွေကတော့ ထိတ်ထိတ်လန့်လန့်ပဲ နေနေကြရတာ၊ တိုက်ပွဲလည်း အကြီးအကျယ်ဖြစ်တာမဟုတ်သေးတော့ တော်တော်များများက မရှောင်သေးဘဲ နေနေတာ” လို့ အထက်ပါ ဒေသခံ အမျိုးသမီးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကတော့ အခုလို လက်နက်ကြီးပစ်ခတ်နေတဲ့ ဇဟာအခြေစိုက် အမြောက်တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က ထုတ်ပြန်ထားပါတယ်။
 
အလားတူပဲ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာအပြင်မှာရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးနှစ်ဦးကို ဗထူးတပ်မတော်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အနီးအနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
 
ထားဝယ်မြို့နဲ့ အနီးတဝိုက်မှာတော့ ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်ကစလို့ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ရှိလာနေပြီး ပြီးခဲ့ မတ်လ ၂ ရက်နေ့ကပဲ မြို့နဲ့ ခြောက်မိုင်ခန့်အကွာ ရောင်းမော်ရွာမှာရှိတဲ့ တပ်စခန်းတခု တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး စုစုပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
 
အလားတူပဲ ထားဝယ်မြို့ရဲ့ အရှေ့ဘက် မိုင်သုံးဆယ်ခန့်အကွာ ထားဝယ်အရှေ့တောဒေသ တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်တွေ အထိနာနေပြီး အဲဒီတဝိုက်ကိုတော့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာနေတာဖြစ်ပါတယ်။
 
ဓာတ်ပုံ – မောင်မယ်ရှောင် မြင်ကွင်းစုံ